Home သတင်း ကြာအင်းဆိပ်ကြီးမြို့တိုက်ပွဲတွင် အရပ်သားနှင့် သံဃာများ လက်နက်ကြီး ထိမှန်သေဆုံး

ကြာအင်းဆိပ်ကြီးမြို့တိုက်ပွဲတွင် အရပ်သားနှင့် သံဃာများ လက်နက်ကြီး ထိမှန်သေဆုံး

683
Photo-CJ

ဇွန် ၂ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့တွင် ယနေ့ ဇွန်လ ၂ ရက် နံနက် ၁ နာရီကျော်မှစ၍ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် ပြင်းထန်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေးလေယာဉ်များဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သည့် အတွက် အရပ်သားနှင့် ဃံဃာတော်များ ကျည်ထိမှန်သေဆုံးမှုရှိသည်ဟု မြို့ခံများထံမှ သိရသည်။

မြို့မရဲစခန်းအနီး နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ခြေလျင် တပ်ရင်း အမှတ် ၃၂ စခန်းမှ ၆ဝ၊ ၁၂ဝ မမ လက်နက်ကြီးများဖြင့် မြို့ပြင် ပတ်ပတ်လည်တွင် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သလို နံနက် ၈ နာရီဝန်းကျင်အချိန်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စင်းဖြင့် မင်္ဂလာကုန်း၊ ကြာအင်း၊ ချောင်းဝရွာ အနီးတစ်ဝိုက်နှင့် မြို့ပြင်ဧရိယာ တစ်လျှောက်တွင် လာရောက် ဗုံးကြဲချသည့်အတွက် လူနေအိမ်အများအပြား ထိမှန်ပျက်စီးသွားပြီး အရပ်သားများလည်း ကျည်ထိမှန် သေဆုံးမှုများလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ အမှတ် ၆ ရပ်ကွက်က နေအိမ်တွေ ထိမှန်ကြတယ်။ ကလေးငယ်တစ်ဦး၊ အရပ်သား အမျိုးသား ၂ ဦး နေအိမ်မှာပဲ ကျည်ထိမှန်ဆုံးသွားတယ်။ ကမ်းနားဘုန်းကြီးကျောင်းမှာ ကိုရင်တစ်ပါးလည်း ကျည်ထိမှန်လို့ ပျံလွန်တော်မူသွားတယ်။ သူတို့က မြို့ပြင် တစ်လျှောက်ကို စခန်းကနေရော၊ လေယာဉ်နဲ့ရော ရမ်းသမ်းပစ်တော့ လူထုတွေ ထိခိုက်မှု ရှိနိုင်သေးတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ခံလူထုအများစုသည် ယနေ့နံနက် ၉ နာရီ ကျော် အချိန်ထိ အပြင်ထွက်သွားလာ၍ မရသေးပေ။ မြို့ဝင်မြို့ထွက်နေရာနှင့် စစ်ကောင်စီ ဌာန ဆိုင်ရာနေရာများတွင် စစ်ကောင်စီတပ်မှ တပ်ဖြန့်နေရာယူ ထားလျက်ရှိပြီး စစ်ဆေးမှု များလည်း ရှိနေသည်ဟု မြို့ခံလူထုများထံမှ သိရသည်။

Photo-CJ

“ အခု ၁ဝ နာရီကျော်အထိ အပြင်ထွက်မရဲသေးဘူး။ တစ်ချက်တစ်ချက် လက်နက် သံကြားနေသေးတယ်။ မြို့ပေါ်မှာတော့ စစ်ကောင်စီတွေ တပ်ဖြန့်ထားကြတယ်။ ကျည်ထိမှန်သေဆုံးသွားတဲ့ မြို့ခံလူထုတွေရော လူနေအိမ်တွေရော ဘယ်သူမှ ကူညီ ကယ်ဆယ်ပေးမယ့်သူ မရှိသေးဘူး။ အပြင်ထွက်သွားလာလို့လည်း အဆင်မပြေဘူး။ စစ်သားတွေရှိတယ်”ဟု ကတုတ်ကျင်းထဲ ပုန်းရှောင်နေသည့် ကြာအင်းဆိပ်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ၎င်းတို့လုံခြုံရေးယူထားသည့်နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်မှ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများနိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်လည်း ထိခိုက်မှုရှိနိုင်မည်ဟု မြို့ခံများက ပြောဆိုသော်လည်း သက်ဆိုင်ရာတပ်ဖွဲ့ တာဝန်ရှိသူများတွင် ကေအိုင်စီအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကြာအင်းဆိပ်ကြီးမြို့နေ လူထုများအနေဖြင့် မိမိတို့၏ နေအိမ်အသီးသီးတွင်သာ ပုန်း အောင်းနေရဆဲဖြစ်ပြီး မြို့ဝင်မြို့ထွက်များတွင် စစ်ကောင်စီတပ်မှ လုံခြုံရေးယူ ထားဆဲဖြစ်သည့်အတွက် အခြားလုံခြုံသည့်အရပ်များသို့ စစ်ဘေးတိမ်းရှောင်ကြရန် ခက်ခဲနေသည်ဟု ဒေသခံများထံမှ သိရသည်။