ဇွန်လ ၂၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းနယ်မြေ သထုံခရိုင်တွင် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော ဘီးလင်းနှင့်သထုံမြို့အကြားရှိ ရွှေရောင်ပြတံတားအား ယနေ့နံနက်ပိုင်းက သထုံခရိုင်မှ တာဝန်ရှိသူများလာရောက်စစ်ဆေးစဥ် ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အင်ဂျင်နီယာတစ်ဦးသေဆုံး၍ ဌာနဆိုင်ရာ ဝန်ထမ်းအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ဘက်က ပြောသည်။
တံတားပျက်စီးမှုအခြေအနေ လာရောက်ကြည့်ရှုနေသော စစ်ဘက်၊ ရဲဘက်နှင့် ဌာနဆိုင်ရာမှ အရာရှိများ ဝန်ထမ်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၂)နှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့်ဗုံး(၁၀)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အင်ဂျင်နီယာတစ်ဦးသေဆုံးသည့် အပြင် စစ်ကောင်စီဘက်မှ တပ်နယ်မှူးနှင့်တပ်ရင်းမှူးအပါအဝင် အရာရှိ(၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမှတ်-၉ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး နေဇော်ထွန်းဆိုသူမှာ စိုးရိမ်ဒဏ်ရာရှိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။
မစိုးရိမ်ရသည့်ဒဏ်ရာရရှိသူများတွင် ဗိုလ်မှူးကြီးအောင်အောင် ဟိန်း၊ အမှတ် ၃၀၁၄ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းမှ တပ်ရင်းမှူး(ဒုတိယဗိုလ်မှူးကြီး) သက်ထွန်းဝင်း၊ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဆန်းဝင်းအောင်၊ အမှတ် ၃၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးထင်ကျော်မင်း၊ အမှတ် ၉ စစ် အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး မင်းညီညီထွန်းတို့ ခြေ၊ လက်၊ မျက်စိနှင့်ဝမ်းဗိုက်ပေါက်ပြဲဒဏျရာ အသီးသီးရရှိခဲ့ကွောငျး ကအေဲနျယူ၏ သထုံခရိုငျမိတျဖကျရေးရာ ကွီးကွပျကှပျကဲမှုကောျမတီဥက်ကဋ်ဌ ဗိုလ်မှူးစောကျော်မြင့်က ယခုလို အတည်ပြုပြောဆိုသည်။
“စစ်အခြေခံလေ့ကျင့်ရေးတပ်က ဗိုလ်ကြီး နေဇော်ထွန်း ပါးစပ်ကနေသွေးတွေ ဆက်တိုက်ထွက်နေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အကြောင်း သတင်းရတယ်။ တချို့ဒဏ်ရာ ပြင်းထန်တဲ့သူတွေလည်း ဆေးရုံရောက်ရင် သေနိုင်တယ်။ ခုကတော့ ကျနော်တို့လည်း ဒီလောက်ပဲသတင်းအတိအကျရသေးတယ်” ဟု ဗိုလ်မှူးစောကျော်မြင့်က ကေအိုင်စီသို့ပြောသည်။
ထို့အပြင် သထုံခရိုင်မှ ရဲဘက်ဆိုင်ရာ အရာရှိနှင့်တပ်ဖွဲ့ဝင်များဖြစ်သော ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီး စိုးပိုင်၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှူး ရဲအုပ်ယဉ်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲမင်းခန့်၊ ရဲအုပ် လွင်လွင်ထွန်း၊ ရဲတပ်ကြပ် ကျော်ကျော်လင်း၊ ရဲတပ်ကြပ်ကြီး ထွန်းထွန်းဦး၊ ရဲတပ်သားသန်းတိုး အောင်၊ ရဲတပ်ကြပ် သက်မင်းအောင်နှင့် ရဲတပ်သား သန်းထွေးအောင်တို့ လည်း အသီးသီးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်များ အပါအဝင် စုစုပေါင်း (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။
ယမန်နေ့က KNLA တပ်ရင်း(၂)နှင့် ပူးပေါင်းတပ်များသည် ရန်ကုန်-မော်လမြိုင်-မြဝတီ ကားလမ်းမကြီးပေါ်ရှိ စစ်ကောင်စီထောက်ပို့လမ်းကြောင်းအတွက် အသုံးပြုနေသော ရွှေရောင်ပြတံတားအား ဖောက်ခွဲဖျက်ဆီးမှုလုပ်ဆောင်ခဲ့ရာ တံတားတစ်ခြမ်း ကျိုးကျ ပျက်စီး သွားခဲ့ပြီး လိုင်စင်မဲ့ကား သုံးစီးထိခိုက်ပျက်ဆီးကာ ဌာနဆိုင်ရာဝန်ထမ်းအမျိုးသားတစ်ဦးသေဆုံး၍ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူက ပြောဆိုထားသည်။