Home သတင်း တပ်မဟာ ၅ နယ်မြေတွင် မေလအတွင်း တိုက်ပွဲပေါင်း နှစ်ရာဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF တစ်ရာကျော်သေဆုံး

တပ်မဟာ ၅ နယ်မြေတွင် မေလအတွင်း တိုက်ပွဲပေါင်း နှစ်ရာဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF တစ်ရာကျော်သေဆုံး

564
Photo-Crd

ဇွန်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)နယ်မြေ၊ မူတြော်(ဖာပွန်) ခရိုင်တွင် ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် -BGF များနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း နှစ်ရာ(၂၀၀) တိတိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် (၁၂၂)ဦး သေဆုံးခဲ့ကြောင်း မူတြော်ခရိုင် သတင်းစဥ်က ယမန်နေ့ ဇွန်လ(၂)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်ကောင်စီနှင့် BGF တစ်ရာကျော်အနက် တပ်ခွဲမှူး(၁)ဦး၊ ဒု-ခွဲမှူး(၂)ဦး၊ တပ်ကြပ်(၄)ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးရှိကြောင်း၊ ကေအဲန်ယူ တပ်မဟာ(၅)ဘက်မှ တပ်ဖွဲ့ဝင် (၂)ဦးကျဆုံး၍ (၁၀)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် စစ်ကောင်စီ၏ ရိက္ခာနှင့်လက်နက်ပို့ဆောင်ထောက်ပံ့ရေးယာဥ်(၆)စီးအား KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း မူတြော်ခရိုင်သတင်းစဥ်က ဆိုထားသည်။

ထိုသို့ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ လက်နက်နှင့် ရိက္ခာထောက်ပံ့ရေးလုပ်ငန်းစဥ်များအား မကြာခဏ ကြားဖြတ်ဝင်ရောက်နှောင့်ယှက်မှုများလုပ်ဆောင်သောကြောင့် စစ်ကောင်စီဘက်မှ မြေပြင်လမ်း ကြောင်းအသုံးပြု၍ လက်နက်၊ ရိက္ခာထောက်ပံ့ခြင်းအစား လေကြောင်း ဖြင့်ပြောင်း လဲအသုံးပြုလျက်ရှိသလို တပ်မဟာ(၅)ပြောခွင့်ရသူ ဒုတိယဗိုလ်မှူး စောကလယ်ဒို့ကလည်း စစ်ကောင်စီသည် ကုန်းကြောင်း အသုံးပြု၍ ရိက္ခာဖြည့်တင်းရာတွင် အခက်အခဲရှိသဖြင့် ရဟတ် ယာဥ်များအသုံးပြုလာသည်ဟု ဒေသတွင်း မီဒီယာအချို့သို့ ဖြေကြားထားသည်။

ဆက်လက်၍ ယခုမေလအတွင်း BGF များမှ အရပ်သားပြည်သူများနေထိုင်ရာနေရာသို့ လက်နက် ကြီးပစ်ခတ်မှု အကြိမ်ရေပေါင်း (၅၀)ကျော် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ တစ်ဦးသေ ဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်ထိခိုက် ပျက်စီးခြင်းများလည်းရှိကြောင်း တပ်မဟာ(၅) ၏လချုပ်စာရင်းကိုအခြေပြု၍ မူတြော်ခရိုင်သတင်းစဥ်က ထုတ်ပြန်သည်။

အလားတူ စစ်ကောင်စီသည် ဖာပွန်ခရိုင်အတွင်းရှိ အရပ်သားပြည်သူများထံမှ မိုဘိုင်း ဖုန်းနှင့် အရပ် သုံးစကားပြောစက်များအပါအဝင် ထိုင်းဘတ်ငွေ နှစ်သိန်းရှစ်သောင်း၊ မြန်မာကျပ်ငွေ တစ်သိန်း တို့ကိုလည်း လုယူသိမ်းဆည်းသွားခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဥ်၏ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်သည် ကေအဲန်ယူ၏ တပ်မဟာ(၇)ခုအနက် စစ်ကောင်စီနှင့်တိုက်ပွဲအများအပြား ဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုအများဆုံးခံနေရသည့် ဒေသတစ်ခုလည်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မူတြော်ခရိုင်တွင် စစ်ကောင်စီနှင့်တိုက်ပွဲပေါင်း အကြိမ်ရေ (၂၅၀)ကျော် ဖြစ်ပွားသည့်အနက် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၉၀ သေဆုံးပြီး ၆၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်နှင့် လက်နက်ကြီး အလုံး ၄၀ နီးပါးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ(၁)ဦးသေဆုံး၍ (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၅)၏ ထုတ်ပြန်ချက်အရ သိရသည်။