Home သတင်း ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ၁၅ ဦး ခန့်ဒဏ်ရာရရှိခဲ့ ကြောင်း SOF ထုတ်ပြန်

ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ ၁၅ ဦး ခန့်ဒဏ်ရာရရှိခဲ့ ကြောင်း SOF ထုတ်ပြန်

969
Photo-SOF

ဇွန်လ ၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများကို ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF က ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း၍ စစ်ကောင်စီတပ်၏ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ တရား သူကြီးရုံး စသည့်ရုံးများကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အထူး စစ်ဆင်ရေးတပ်ဖွဲ့ -SOF ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

“စကစဘက်က ထိခိုက်မှုကတော့ ၁၅ ဦးအနည်းဆုံးရှိပါတယ်။ သေဆုံးတာက ၁၀ ဦးရှိတယ်။ အဲ့ဒီ ၁၀ ဦးက ကျနော်တို့ရှေ့တင် ကျနော်တို့မျက်မြင် တိတိကျကျပစ်ခတ်နိုင်တဲ့အရေအတွက်ပေါ့။ ရဲစခန်းမှာ က အနည်းဆုံး ရဲ ၅ ဦးရှိမယ်။ ခြံစည်းရိုးကနေ ကျနော်တို့အနီးကပ် ပစ်ခတ်နိုင်တဲ့ အနေအထားမျိုးပေါ့။ အဲ့ဒီမှာ ထွေအုပ်ရုံးတို့၊ လဝကရုံးတို့၊ အခွန်ရုံးတွေ မြေစာရင်းရုံးတွေမှာ စကစအင်အား ၁၅ ယောက်တွေ့ တယ်။ အဲ့ဒီက ၂ ယောက်ကို ကျနော်တို့ စနိုက်ပါနဲ့ ပစ်ခတ်နိုင်တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်များက ဘာသာရေးအဆောက်အဦးများကို လက်နက် ကြီး ၁၂၀ မမ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဟန်းတော်တစ်ပါး လက်နက်ကြီး ထိမှန်ပျံလွန်တော်မူခဲ့ပြီး ဒေသခံ ၂ ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း SOF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်စဉ်နှင့်နီးစပ်သည့် ပတ်ဝန်းကျင်ဒေသများပေါ်တွင် ကင်းထောက်လေ ယာဉ်များ ပျံဝဲလျက်ရှိနေကြောင်း ၎င်းအထူးစစ် ဆင်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

Photo-SOF

၎င်းက “သူတို့စစ်ကြောင်းထိုးလာမယ်လို့ ထင်တယ်။ လက်ရှိတော့ စစ်ကြောင်းထိုးလာတာ မရှိသေးဘူး။ ထပ်ပြီးတော့ သူတို့ဗုံးကြဲဖို့လည်းဖြစ်နိုင်တယ်။ သူတို့ အထိနာတဲ့အတွက် စစ်ကောင်စီက သိတဲ့အတိုင်းပဲ ယုတ်မာတယ် ရက်စက်တယ်။ မနေ့ကရော၊ ဒီနေ့ရော အဲ့ဒီဖြစ်ခဲ့တဲ့ ပတ်ခြာလည်တွေမှာ သူတို့ရဲ့ ဒရုန်းတွေ ကင်းထောက်လေယာဉ်တွေလာတယ်”ဟု ၎င်းက ပြောသည်။

ထို့အတူ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ သတင်းထုတ်ပြန်ထားလျက်ရှိသော်လည်း စစ်ကောင်စီတပ်ဘက်တွင် တစ်စုံတစ်ရာ သတင်း ထုတ်ပြန်လာခြင်းမရှိသေးပေ။

ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ဌာနဆိုင်ရာရုံးများနှင့် မြို့အပြင်ဘက်ခြမ်းရှိ ကင်းပုန်း နေရာများတွင် ဒေသခံပြည်သူများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ပစ္စည်းသိမ်းယူခြင်း၊ သတ်ဖြတ်ခြင်း များကို ပြုလုပ်လျက်ရှိနေကြောင်းလည်း SOF ၏ ထုတ်ပြန်ပြောဆိုထားသည်။