မေလ ၁၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
သတင်းသမားများ ဖမ်းဆီးခံရမှုအများဆုံး ကမ္ဘာ့နိုင်ငံများအနက် မြန်မာသည် ဒုတိယနေရာ တွင်ရှိနေကြောင်း နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် -IFJ က မေလ(၈)ရက်နေ့တွင် ထုတ်ပြန်သည့် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် မြန်မာသတင်းထောက် (၅)ဦး ပါဝင်လာခြင်းနှင့်ပတ်သက်သော ကြေညာချက်တွင် ပြောဆိုသည်။
ပြီးခဲ့သည့် မေလ(၃)ရက်နေ့က ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေဖြင့်ဟုဆိုကာ စစ်ကောင်စီသည် အကျဥ်းထောင်အသီးသီးရှိ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အကျဥ်းကျခံနေရသော နိုင်ငံရေး အကျဥ်းသား/သူ နှစ်ထောင်ကျော်အား လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့သည်။
၎င်းတို့အနက် မဇ္ဈိမသတင်းဌာန သတင်းထောက် မငြိမ်းငြိမ်းအေး (ခေါ်) မေဘယ်လ်၊ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခေါ်)ဖိုးသား၊ အလွတ်တန်းသတင်းထောက် မယဥ်ယဥ်သိန်း (ခေါ်) နဘား၊ မော်ကွန်းသတင်းဌာနမှ အယ်ဒီတာ ကိုကျော်ဇေယျနှင့် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်းတို့ (၅)ဦးသည်လည်း ပြန်လည်လွတ်မြောက်သူများတွင် ပါဝင်လာခဲ့သည်။
IFJ ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှအာဏာသိမ်းယူသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဖမ်းဆီးခံခဲ့ရသော သတင်းသမား အနည်းဆုံး (၁၇၆)ဦးရှိနေပြီး (၄)ဦးမှာ သတ်ဖြတ်ခြင်း ခံခဲ့ရ ကြောင်း၊ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးနောက် လက်ရှိအချိန်ထိ သတင်းသမား (၅၀)ဦး ထက်မနည်းသည် အကျဥ်းချခံနေရဆဲ (သို့မဟုတ်) ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် IFJ မှ ၂၀၂၂ ခုနှစ်အတွက် စာရင်းပြုစုထားသည့် နှစ်စဥ်အသတ်ခံရမှုမှတ်တမ်းအရ ကမ္ဘာတွင် သတင်းသမားများအား အများဆုံးဖမ်းဆီးထောင်ချသည့်နိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံပြီးနောက် မြန်မာနိုင်ငံက ဒုတိယနေရာဖြစ်လာသည်ဟု ဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမည်မဖော်လိုသူ သတင်းစာဆရာတစ်ဦးက “သတင်းမီဒီယာ တော်တော်များများက ပြည်ပမှာရပ်တည်နေရတယ်။ ပြည်တွင်းရှိနေတဲ့သူတွေကျတော့လည်း ဖမ်းခံရတဲ့အန္တရာယ်က အများဆုံးရှိနေတယ်။ နောက်ဝင်ငွေရရှိနိုင်တဲ့အခွင့်အလမ်းက ပိုနည်း သွားတော့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်။ မြန်မာ့နိုင်ငံရေးပြဿနာက နှစ်ရှည်ကြာ လာ တာနဲ့အမျှ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုနဲ့အကူအညီပေးနိုင်တဲ့ပမာဏ လျော့နည်း လာတာကိုတွေ့ရတယ်။” ဟု သုံးသပ်ပြော ဆိုသည်။
၎င်းအပြင် လွတ်လပ်သောမီဒီယာများသည် မိမိပရိသတ်ရှိရာ ရေမြေပေါ်တွင် လုပ်ကိုင်နေရခြင်း မရှိ သည့်အခါ ရပ်တည်ရေး၊ လုံခြုံရေးခက်ခဲ၍ နိုင်ငံတကာမှ မီဒီယာများသို့ ငွေကြေးထောက်ပံ့မှု နည်းလာမည့်အချိန်တွင် သတင်းနယ်ပယ်ကိုစွန့်ခွာမှုများ၊ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများ လျော့နည်းလာနိုင်ကြောင်း ၎င်းသတင်းစာဆရာက ဖြည့်စွက်ပြောဆိုသည်။
အလားတူ မြန်မာပြည်သူ၊ ပြည်သားများသည် စစ်ကောင်စီမှ ကလေးသူငယ်များအား ပစ်မှတ် ထားခြင်း၊ လူသားဒိုင်းကာအဖြစ် အရပ်သားများအသုံးပြုခြင်း၊ မတရားအတင်းအကြပ်ဖမ်း ဆီးခြင်းစသည့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြားမှ တရားဝင်ဒီမိုကရေစီတည် တံ့ ရေးအတွက် ခုခံတိုက်ပွဲဝင်နေကြရသကဲ့သို့ လက်ရှိ မြန်မာနိုင်ငံသည်လည်း သွေးစွန်း သောပြည်တွင်းစစ်ပွဲအခြေအနေတွင် ရှိနေကြောင်း IFJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း -AAPP ၏ မေလ(၃)ရက်နေ့ အစီရင်ခံ စာအရ စစ်ကောင်စီသည် သတင်းသမား(၄)ဦးအပါအဝင် လူပေါင်း (၃,၄၅၉)ဦးအား သတ်ဖြတ်ခဲ့ပြီး ကလေးသူငယ် (၂၈၂)ဦးအပါအဝင် (၂၀,၈၈၃)ဦးအား ဖမ်းဆီးထားကြောင်း၊ ၎င်းတို့အာဏာ သိမ်းယူချိန်မှစ၍ လူပေါင်း(၁၃,၇၁၉)သည် ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲရပြီး (၁၄၃)ဦး သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည်ဟု ဖော်ပြထားသည်။
IFJ အနေဖြင့် အဖွဲ့ဝင်ဖြစ်သော မြန်မာသတင်းသမားများကွန်ရက် -MJN နှင့်ပူးပေါင်းကာ ဖမ်းဆီး ထိန်သိမ်းခြင်းခံထားရဆဲဖြစ်သည့် သတင်းသမားများအားလုံးကို ချက်ချင်းလွှတ်ပေးရန် စစ်ကောင်စီ အားတိုက်တွန်းခြင်း၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ပြင်းပြင်းထန်ထန်ချိုး ဖောက်ကျုးလွန်သူ များအား အရေးယူရန်နှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော အကြပ်အတည်းများကို နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် တတ်နိုင်သလောက် ဖြေရှင်းရန်စသည်တို့ကို တောင်းဆိုထားသည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။
MJN အနေဖြင့်လည်း သတင်းသမားများကို ဖြေလွှတ်ပေးခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုဖြစ်ပြီး သတင်းပညာရပ်သည် ပြစ်မှုတစ်ခုမဟုတ်သလို သတင်းသမားတစ်ဦးအနေဖြင့် မိမိလုပ်ဆောင်ရမည့်အလုပ်ကို လုပ်ဆောင်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းနှင့် မထိုက်တန် ကြောင်း အပြင် သတင်းသမား (၅၀)ထက်မနည်းသည်လည်း အကျဥ်းထောင်အတွင်း ရှိနေသေးကြောင်း ဆိုထားသည်။
ထို့အတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် IFJ ၏ အစီရင်ခံစာတွင် နိုင်ငံတ ကာအစိုးရများအနေဖြင့် နိုင်ငံပြင်ပမှ လူ့အခွင့်အရေးချိုးဖောက်နေသူများကို ပိတ်ဆို့အရေးယူရန် ၊ ဥပဒေများအသုံးပြုခြင်းအပါအဝင် စစ်ခေါင်းဆောင်များအပေါ် ဖြစ်နိုင်သမျှနည်းမျိုးစုံဖြင့် ဖိအားများ တိုးပေးရန် စသည်တို့ကို ထည့်သွင်းတောင်းဆိုခဲ့သည်။



















