Home သတင်း KNU ၏ ကွန်ဂရက် ထုတ်ပြန်ချက်သည် NCA ကိုဆန့်ကျင်နေကြောင်း စစ်ကောင်စီပြော

KNU ၏ ကွန်ဂရက် ထုတ်ပြန်ချက်သည် NCA ကိုဆန့်ကျင်နေကြောင်း စစ်ကောင်စီပြော

1195
Photo: Crd.

မေလ ၁၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ၁၇ ကြိမ်မြောက်ကွန်ဂရက်အပြီး ထုတ်ပြန်ချက်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် -NCA ကို ဆန့်ကျင်နေကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ယမန်နေ့ မေလ(၉)ရက်နေ့တွင် သဘောထားထုတ်ပြန်ကာ ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်ပြီးစီးခဲ့သည့် (၁၇)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှ လူမျိုးကြီးဝါဒ နှင့်စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး၊ အမျိုးသားရေး တန်းတူရေး အစရှိသည်တို့ကို မိမိတို့ရှေ့လုပ်ငန်းစဥ်များအညီ လုပ်ဆောင်မည့်အကြောင်း သံဓိဌာန်ပြု၍ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသော တော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်မည့်အချက်များပါဝင်သော ထုတ်ပြန်ချက်အား KNU က ထုတ်ပြန်ခဲ့သည်။

လက်ရှိ နိုင်ငံတွင်း ပဋိပက္ခများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲလှုံ့ဆော်မှုနှင့်ပြည်ပ ပယောဂများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ကေအဲန်ယူ၏ထုတ်ပြန်ချက်သည် NCA ပါပြဌာန်းချက်များကိုဆန့်ကျင်၍ ထိပ်တိုက်ရင်ဆိုင်လိုသော လမ်းကြောင်းသို့ဦးတည်နေသလို တိုင်းရင်းသားပြည်သူများလိုလားသော ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် အဟန့်အတားဖြစ်စေပြီး ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲဖြစ်စေကြောင်း စစ်ကောင်စီ ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီက ထုတ်ပြန်ပြောဆိုထားသည်။

၎င်းတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး(၁၀)ဖွဲ့အား ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးဆွေးနွေးအဖြေရှာရာတွင် ရလဒ်ကောင်းများနှင့် သဘောတူညီချက်များရရှိခဲ့ပြီး လက်ရှိ အချိန်ထိလည်း ဆက်လက်ဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်က “စစ်ကောင်စီက ငြိမ်းချမ်းရေးအကောင်အထည်ဖော်တယ်၊ NCA လမ်းကြောင်း ဖော်ဆောင် တယ်ဆိုပြီး အရင်ကတည်းက ပြောနေကျပါပဲ။ တဖက်ကငြိမ်းချမ်းရေးဆိုပြီး တဖက်က ကရင်ဒေသ တင်မကဘူး၊ စစ်ကိုင်းဘက်မှာပါ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်တာဟာ သူ့ရဲ့ရည်ရွယ် ချက်ကို ပိုပြီးတော့ ပေါ်လွင်ပါတယ်။ ကေအဲန်ယူရဲ့ မှန်ကန်တဲ့ရပ်တည်ချက်ကို ချေဖျက်ပြီး NCA လမ်းကြောင်းဘက်ကို စစ်ကောင်စီက ပြန်တွန်းချင်တာလို့ ကျနော်မြင်တယ်။” ဟု ပြောသည်။

ထို့အပြင် ၂၀၂၀ ခုနှစ်က ရွေးကောက်ပွဲ မဲမသမာမှုနှင့် နိုင်ငံတော်အာဏာအား မတရား ရယူရန် ကြိုးပမ်းမှုများကြောင့် ၎င်းတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော် အာဏာ အား မလွဲမရှောင်သာ၍ယာယီထိန်းသိမ်းခဲ့ရခြင်းဖြစ်ပြီး အရေးပေါ်ကာလပြီးဆုံးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တရားမျှတ သောရွေးကောက်ပွဲအား ကျင်းပ၍ အနိုင်ရပါတီထံ တာဝန်လွှဲပြောင်းပေးမည့်အကြောင်း အကြိမ်ကြိမ်ပြောဆိုထားပြီးဖြစ်သည်ဟု စစ်ကောင်စီ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါအချက်နှင့်ပတ်သက်၍ နိုင်ဗညားမွန်က “လက်ရှိမှာ ဒါဟာဖြစ်နိုင်တဲ့ အနေအထားမရှိပါဘူး။ အာဏာသိမ်းလိုက်ပြီးနောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့အဖွဲ့တွေကနေ ဖျက်သိမ်းလိုက်ကြောင်း ကြေညာထားတာရှိပါတယ်။ ဆိုတော့ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေး အကောင်ထည်မယ်ဆိုတာတွေက ၂၀၀၈ ခြေဥကို အသက်ပြန်သွင်းချင်တဲ့ခြေလှမ်းမျိုးပဲဖြစ်မှာပါ။” ဟု ဖြည့်စွက်သုံးသပ်သည်။

ဆက်လက်ပြီး စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် NCA ပါပြဌာန်းချက်များအတိုင်း တွေ့ဆုံဆွေး နွေးခြင်းသည်သာ ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိနိုင်ပြီး နိုင်ငံတော် တည်ငြိမ်ဖွံ့ဖြိုး ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် လမ်းကြောင်းမှန်ဖြစ်ကြောင်း ဖော်ပြထားသည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့တွင် လက်ရှိအချိန်ထိ စစ် ကောင်စီနှင့် ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးနေသော အဖွဲ့(၇)ဖွဲ့သာကျန်ရှိပြီး ကျန်ရှိ ကရင်အမျိုး သားအစည်းအရုံး- KNU၊ ချင်းအမျိုးသားတပ်ဦး -CNF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF တို့က ဆွေးနွေးပွဲများတက် ရောက်ခြင်းမရှိတော့ဘဲ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရာတွင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအထိ စစ်ကောင်စီမှ ကရင်တိုင်းရင်းသားဒေသများဖြစ်သော ကေအဲန်ယူ ထိန်းချုပ်နယ်မြေ(၇)ခုလုံးရှိ အရပ်သား များအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုမြောက် လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေပေါင်းမှာ (၁၄၉၃) ကြိမ်ရှိနေသလို လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ရေပေါင်း (၂၃၀) ကျော်လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍လည်း ကျူးလွန်နေဆဲဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ထားချက်အရ သိရသည်။