Home သတင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ လိပ်သိုလမ်းခွဲရှိ ကျေးလက်ဆေးပေးခန်းပျက်စီး

လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ လိပ်သိုလမ်းခွဲရှိ ကျေးလက်ဆေးပေးခန်းပျက်စီး

778
pic
Photo-CJ

မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်မြို့ (၁၃)မိုင်တွင် ပြီးခဲ့သည့်အပတ်မှစ၍ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယမန်နေ့ မေလ(၂၉)ရက်နေ့ည(၈)နာရီဝန်းကျင်ခန့်က လိပ်သိုလမ်းခွဲနံဘေးရှိ ငွေတောင်ကလေးကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာဆေးပေးခန်းထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။

ယမန်နေ့ညနေ(၄)နာရီခန့်တွင် သံတောင်ရှိ စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး တပ်ဖွဲ့များနှစ် ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံတောင်ကြီးမြို့ဟောင်းအခြေစိုက် ဘုရင့်နောင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး(၁၀)လုံးထက်မနည်း ပစ်ကူပေးခဲ့ရာ သံတောင်(၁၃)မိုင်နှင့်ပျားစခန်းအနီး ငွေတောင် ကလေးရွာရှိ‌ ဆေးပေးခန်းသို့ ကျရောက်၍ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဆေးပေးခန်းက ညနေငါးနာရီဆိုပိတ်တယ်။ လက်နက်ကြီးကျတော့ ည(၈) နာရီမှာ ဘယ်သူ မှမရှိတဲ့အချိန်ဆိုတော့ လူထိခိုက်တာမရှိလိုက်ဘူး။ (၁၃)မိုင်မှာ ပစ်ကြ တာ ပြီးခဲ့တဲ့တစ်ပတ်လုံးပဲ တစ်ရက်တစ်ရက်ဆို နေ့လည်းပစ် ညလည်းပစ်ပေါ့။ မနေ့ကတော့ ညနေ(၄)နာရီကနေ ညအထိ ဖြစ်ကြတာ။ သံတောင်ရဲစခန်းကို PDF က ဒရုန်းနဲ့သွားပစ်လို့ လို့လည်းပြောသံကြားတယ်။” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။

မေလနောက်ဆုံးအပတ်အတွင်းပစ်ခတ်မှုများနှင့် ယမန်နေ့ကပစ်ခတ်မှုများကြောင့် သံတောင်(၁၃)မိုင်ရှိ ရပ်ကွက်အချို့တွင် လူနေအိမ်ထိခိုက်ပျက်စီး မှုများရှိနေသော်လည်း အရေအတွက်အတိအကျ မသိရသေးကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

Photo-CJ

ထို့အတူ သံတောင်တွင် ဧပြီလနောက်ဆုံးအပတ်မှ လက်ရှိအချိန်ထိ စစ်ကောင် စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ပြန်လည်တိုးမြှင့်လုပ်ဆောင်လာသလို ညဘက်သန်းခေါင်ယံများတွင်လည်း လက်နက်ကြီး၊ ငယ်များဖြင့် ခြောက်လှန့် ပစ်ခတ်မှုများလုပ်ဆောင်နေကြသည့်အတွက် မြို့ခံပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း အမည်မဖော်လိုသော အခြား ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့က ဘုရင့်နောင်တပ်စခန်းက လက်နက်ကြီးပစ်ကူတော့ ကိုယ့်အနီး အနားပဲကျမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့နေနေရတယ်။ သူတို့က တစ်ခါတစ် လေဆိုရင်လည်း သူများတဲတွေမှာ မီးလင်းနေတာတွေ့ရင် လက်နက် ငယ်တွေနဲ့ခြောက်ပြီးပစ်ကြတာကရှိသေးတယ်။” ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ(၂၁)ရက်နေ့ကလည်း သံတောင်မြို့တွင်း ရပ်ကွက်(၃) အောက်ပိုင်းတွင်ရှိသော Sunday School သို့ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းနံရံများကျည်စထိမှန်၍ ခေါင်မိုးများ ပြိုကျပျက်စီးခဲ့ကြောင်း သံတောင်မြို့ခံများမှ သိရသည်။