Home သတင်း ထားဝယ်အရှေ့တောနယ်တွင် ကွမ်းသီးစျေးများ ယခင်နှစ်ထက် စျေးထက်ဝက်လျော့ကျနေ

ထားဝယ်အရှေ့တောနယ်တွင် ကွမ်းသီးစျေးများ ယခင်နှစ်ထက် စျေးထက်ဝက်လျော့ကျနေ

989
pic
Photo - CJ

မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသရှိ ဒေသထွက် ကွမ်းသီးစျေးသည် ယခင်နှစ်ကထက် စျေးထက်ဝက်လျော့နည်းသွားကြောင်း ကွမ်းသီးစိုက်တောင်သူများက ပြောသည်။

အရှေ့တောနယ်ဒေသတွင် ယခင်နှစ်က ကွမ်းသီးစျေးတစ်ပိဿာလျှင် (၄,၀၀၀)မှ (၄,၅၀၀)ကျပ်အထိ စျေးရရှိသော်လည်း ယခုမိုးရာသီကာလတွင် ကွမ်းသီးစျေးတစ်ပိဿာ (၂,၀၀၀)မှ (၂,၅၀၀)ကျပ်ထိ စျေးကျသွားသောကြောင့် ကွမ်းသီးဖြင့် အသက်မွေးဝမ်းကျောင်းရသူများအနေဖြင့် အရှုံးပေါ်နေကြောင်း ကွမ်းစိုက်တောင်သူ တစ်ဦးက ပြောသည်။

၎င်းက “လက်ရှိကတော့ တစ်ပိဿာကို (၂,၀၀၀) (၂,၅၀၀)ထိရှိပေမယ့်ရှုံးတယ် အရင်နှစ်ကထက်။ ဒါက အသက်မွေးဝမ်းကျောင်းအနေနဲ့ပဲစိုက်နေရတာဆိုတော့။ ဒါတောင်ဝယ်မယ့်ဒိုင်မရှိဘူး။ ပေးသလောက် စျေးနဲ့ပဲရောင်းနေရတယ်။ ကြက်သွန်နီးစျေးထက်တောင်သက်သာနေပြီး။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အရှေ့တောနယ်ဒေသမှတစ်ဆင့် မြို့ပေါ်ရှိ ပွဲရုံများသို့ကွမ်းသီးသွားရောက် ရောင်းချ ရာတွင်လည်း လမ်းခရီးတွင် စစ်ကောင်စီ၏ ငွေကြေးကောက်ခံမှု များပြားလာသည့်အပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသော ကြောင့် ကွမ်းသီးကုန်သွယ်ရောင်းချခြင်းမပြုရဲကြကြောင်းလည်း အဆိုပါ ကွမ်းသီးစိုက် တောင်သူက ဆက်ပြောသည်။

“ကွမ်းသီးက မြို့ပေါ်ကိုသွားရောင်းရတာဆိုတော့ လမ်းကြေးတွေက ပေးရတာပေါ့။ စစ်တပ်ဂိတ်တွေ တိုးလာတာပဲရှိတယ်။ သူတို့ကိုလုပ်ကျွေးနေရသလိုပဲ။ တိုက်ပွဲကလည်း ဖြစ်နေတော့ ကွမ်းသီး သွားရောင်းဖို့ထက်။ ခြံတွေထဲမှာ စစ်ရှောင်နေရတဲ့အချိန်ကပိုများနေတော့ တချို့ကွမ်းသီး တွေဆို ပုပ်ကုန်တာတွေ တောင်ရှိတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ လက်ရှိ အရှေ့တောနယ်ဒေသသည် စစ်ကောင်စီတပ်မှ ဖြတ်လေးဖြတ် ပုံစံမျိုးဖြင့် လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာလျက်ရှိကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

အရှေ့တောနယ်လမ်းပိုင်းသည် ထားဝယ်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအများ ဆုံးနေရာဖြစ်ပြီး စစ်ကောင်စီဘက်က ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားလျက်ရှိကြောင်း ၎င်းလမ်းပိုင်းကို အသုံးပြုသွားလည်သူများထံမှ သိရသည်။