Home သတင်း Miss World Universe International 2023 ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ နော်အယ်စေးဖော ဒုတိယဆုရရှိ

Miss World Universe International 2023 ပြိုင်ပွဲတွင် ကရင်တိုင်းရင်းသူ နော်အယ်စေးဖော ဒုတိယဆုရရှိ

1661
Photo: Crd.

မေလ ၂၇ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းကျောင်းသူအဖြစ်မှ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် Mister and Miss World Universe International 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော ကရင်တိုင်းရင်းသူ နော်အယ်စေးဖော(ခ)အယ်အယ်က 1st Runner Up (ဒုတိယဆု) ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ပြိုင်ပွဲကို မေလ ၂၃ ရက်မှစ၍ ၂၆ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပရာ 1st Runner Up (ဒုတိယဆု)ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ နော်အယ်စေးဖော(ခ)အယ်အယ်က ရရှိပြီး Winner (ပထမ)ဆုကို ဖီလစ်ပိုင်နိုင်ငံကိုယ်စားပြု Hanna Grace Navales က ရရှိခဲ့သည်ဟု သိရသည်။

Miss World Universe International 2023 ပြိုင်ပွဲတွင် နော်အယ်စေးဖော(ခ)အယ်အယ်က 1st Runner ဒုတိယ ဆုအပြင် Talent Competition – Top 4 , Swimwear competition – Top 4 နှင့် Interview – Top 4 စသည့် ဆုများကိုလည်း ဆွတ်ခူးရရှိခဲ့သေးကြောင်းလည်း ၎င်းကို နိုင်ငံကိုယ်စားပြုအဖြစ် စေလွှတ်ပေးသည့် Missosology Myanmar က ထုတ်ပြန်ထားချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပုလောဇာတိ နော်အယ်စေးဖောသည် သူငယ်တန်းမှ ၇တန်း အထိ သာ မြန်မာနိုင်ငံတွင်ကျောင်းတက်ရပြီး ဒေသအတွင်း မတည်ငြိမ်မှုကြောင့် နယ်စပ်ဒေသတွင် စစ်ရှောင်နေသည့် မိဘနှင့်အတူ ထိုင်း-မြန်မာနယ်စပ်တွင် ရွှေ့ပြောင်းတိမ်းရှောင်ကာ ပညာသင်ကြားခဲ့ရသည်ဟု ၎င်းကိုယ်တိုင်က Missosology Myanmar Facebook Page တွင် ပြောဆိုထားသည်။

ထို့နောက် သူမသည် အထက်တန်းအဆင့်ကျောင်းပြီးသည့်နောက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ခရစ်ယာန်ကျမ်း စာကျောင်းကို ဆက်လက်တက်ရောက်ခဲ့သည့်အပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Payap University တွင်လည်း Scholarship အစီအစဉ်ဖြင့်ဆက်လက်ပညာသင်ယူကာ ဘွဲ့ရရှိခဲ့သည်ဟု သိရသည်။