Home ဆောင်းပါး တစ်မျိုးသားလုံးကို ခြိမ်းခြောက်လာတဲ့ အာဝါဒေးလောင်းကစားဝိုင်း

တစ်မျိုးသားလုံးကို ခြိမ်းခြောက်လာတဲ့ အာဝါဒေးလောင်းကစားဝိုင်း

1147

တစ်မျိုးသားလုံးကို ခြိမ်းခြောက်လာတဲ့ အာဝါဒေးလောင်းကစားဝိုင်း

စောဝါး

(မေလ ၂၇ရက်၊ ၂၀၂၃)

မြန်မာငွေကျပ်တစ်ထောင်တန် လေးငါးရွက်ကို ကိုင်ထားတဲ့ အသက် ၇နှစ်ကျော်အရွယ် ကလေးနှစ်ယောက်သုံး ယောက်ဟာ အန်ကလုံ လောင်းကစားဝိုင်းတစ်ခုမှာ ‘ဆင်၊ ကျား၊ နဂါး’ လို့ ကရင်သံဝဲဝဲလေးနဲ့အော်ဆိုပြီး ထိုးသား ပြုလုပ်နေကြပါတယ်။

အဲဒီမြင်ကွင်းကတော့ ကရင်ပြည်နယ် (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တစ်နေ ရာမှာ ဖွင့်လှစ်ထားတဲ့ အာဝါဒေးလို့ ခေါ်တဲ့ လောင်းကစားဝိုင်းတစ်ခုက စိတ်မချမ်းမြေ့စရာ မြင်ကွင်းပဲဖြစ်ပါတယ်။

အခုလို မြင်ကွင်းမျိုးဟာ ကရင်ပြည်နယ်အတွက်တော့ ထူးဆန်းလှတဲ့ မြင်ကွင်းမျိုးတော့ မဟုတ်တော့ပါဘူး။ အကြောင်းက ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တာဝန်ရှိသူ၊ ဌာနေကရင်လက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ လောင်းကစားဒိုင်တို့ လက်ဝါးချင်းရိုက်ပြီး ပြည်နယ်မြို့နယ်တိုင်းမှာ အာဝါဒေး လောင်းကစားဝိုင်းတွေကို ၁၂ရာသီလုံးနီးပါး ပေါ်ပေါ်တင်တင် ပြုလုပ်လာတာဖြစ် ပါတယ်။

ဒီလို ကြီးထွားလာတဲ့ လောင်းကစားဝိုင်းတွေမှာ လူကြီး၊ လူငယ်တွေ၊ ရဟန်းသံဃာတော်တွေအပြင် ကျောင်းနေအရွယ် ဆယ်နှစ်အောက်ကလေးငယ်တွေအထိပါ လောင်းကစားပြုလုပ်နေတာကို နေရာတိုင်းလိုလိုမှာ မြင်တွေ့နေရပါတယ်။

အဲဒီမြင်ကွင်းအပေါ် မြင်တွေ့ရတဲ့ ပိုင်ကျုံမြို့နယ်က နယ်မြေခံ (ကေအဲန်ယူ) တာဝန်ရှိသူတစ်ဦးကတော့ “ကရင် ကလေး ငယ်ငယ် ရွယ်ရွယ်လေးတွေ လောင်းကစားဝိုင်းကို ရောက်နေတာက ကိုယ့်လူမျိုးတွေအတွက် ကြီးမား တဲ့အဖျက်ပဲ။ ဒီအရွယ်က မိဘရင်ခွင်မှာအိပ်ပြီး ကျောင်းတက် ပညာသင်ရမယ့်အရွယ်၊ အခုတည်းက မကောင်းတဲ့အရာတွေကို သင်ကြားနေ တော့ ကလေးတွေရဲ့ အနာဂတ်က ရှေ့ဆက်မတွေးရဲစရာပဲ”လို့ သူက ဆိုပါတယ်။

လူမျိုးတစ်မျိုးက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဌာန်းခွင့်ရရှိအောင် လုပ်ဆောင်နေတဲ့ကာလမှာ နောင်လာမယ့် လူငယ်လူရွယ် တွေကို အသိပညာ၊ အတတ်ပညာ သင်ကြားပို့ချနိုင်မှသာလျှင် တစ်ပါးသူရဲ့အနိုင်ကျင့် အုပ်ချုပ်မှုကနေ လွတ်မြောက် နိုင်မှာဖြစ်ပြီး အခုလိုလောင်းကစားဝိုင်းမှာ လူမမယ်ကလေးတွေ ရောက်ရှိနေတာက မကောင်းတဲ့ အစဉ်အလာတစ်ခု လည်း ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပိုင်ကျုံမြို့နယ်မှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဌာနတစ်ခုဖြစ်တဲ့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD စာသင်ကျောင်းမှာ စာသင်ပေးနေတဲ့ ကျောင်းဆရာတစ်ဦးကလည်း “စစ်အစိုးရရဲ့ အနိုင်ကျင့်အုပ်ချုပ်မှုအောက် မှာ ဆင်းရဲနေတဲ့အကြားကနေ စာရိတ္တပျက်စီးရာကို ရောက်စေတဲ့ လောင်းကစား အာဝါဒေး၊ မူးယစ်ဆေးဝါး လူငယ် တွေသုံးစွဲနေခြင်းက အနာဂတ်အတွက် ထိခိုက်ပါတယ်။ ဒါက အောက်ခြေပဲ ငါတို့တားရမယ်။ မဟုတ်ရင် တဆင့်တ ဆင့်နဲ့ ဆိုးလာမယ်၊ သတ်ဖြတ်တဲ့အထိ ဖြစ်လာနိုင်တယ်။”လို့ ပြောပါတယ်။

နယ်မြေတွင်း တဖြည်းဖြည်း ကျယ်ပြန့်ကြီးမားလာတဲ့ အာဝါဒေးလောင်းကစားဝိုင်းကြောင့် မျိုးဆက်သစ်တို့ အနာဂတ် အတွက် ရင်လေးစရာ၊ စိုးရိမ်စရာတစ်ခုဖြစ်လာစေတယ်လို့လည်း သူက ဖြည့်စွက်ပြောဆိုပါတယ်။

အခုလို ကလေးသူငယ်တွေ ညဘက်အချိန်မတော် လောင်းကစားဝိုင်းမှာ အိပ်ရေးပျက်တာများလာရင် ရေရှည်မှာ စိတ် အာရုံစူးစိုက်မှုတွေ လျော့ကျခြင်း၊ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ လျော့နည်းခြင်း၊ စာသင်တဲ့အခါမှာလည်း စိတ်ဝင် စားခြင်းမရှိဘဲ စာမလိုက်နိုင်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုအားတွေ လျော့နည်းလာနိုင်ပါတယ်လို့လည်း ကျေးလက်သူနာပြုတစ်ဦးက ပြောပါတယ်။

သူမက “အပျော်အပါးနောက်ပဲ လိုက်နေကြတော့ ကြာလာရင် ကျမတို့ ကရင်လူမျိုးတွေ သူများရဲ့ ထိန်းချုပ်မှုအောက် မှာ ကျွန်အဖြစ်နဲ့ နေရကိန်းရှိနိုင်တယ်ပေါ့နော် ။ အဲဒါကြောင့် လောင်းကစားဟာ ကျမတိုရဲ့ ကလေးသူငယ်တွေအ တွက် အရမ်းကြီးတဲ့လက်နက် တစ်ခုပဲပေါ့နော်။ ဖြစ်နိုင်ရင် အမြစ်ကနေဖြတ်ပစ်ပြီး ကျမတိုရဲ့ကရင်လူငယ်တွေကို အမှောင်ကနေ အလင်းရှိရာကို တဖြည်းဖြည်းနဲ့ ပြန်လည်ခေါ်ဆောင်ချင်ပါတယ်။”လို့ ပြောပါတယ်။

ကျေးနယ်ဒေသမှာနေထိုင်တဲ့ ပြည်သူလူထုတွေ အခုလိုလောင်းကစားများ ပြုလုပ်နေပြီး အသက်အရွယ် ကန့်သတ် ချက်မရှိဘဲ ဖွင့်ထားခြင်းက လက်ရှိ အာဏာသိမ်းစစ်ကောင်စီက သူတို့အာဏာတည်မြဲရေးအတွက် နိုင်ငံရေးမှာ ပြည် သူလူထုတွေ စိတ်ဝင်စားမှုမရှိအောင် ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုထားပြီး လုပ်ဆောင်စေတာဖြစ်တယ်လို့ ရှုမြင်သုံးသပ်သူ တွေလည်း ရှိပါတယ်။

“ကိုယ့်ရွာကို လောင်းကစားဝိုင်းလုပ်ဖို့ ကမ်းလှမ်းလာရင် အထက်က လူတွေ၊ ပြီးတော့ သက်ဆိုင်ရာလူတွေ၊ သဘောမ တူစေချင်ဘူး။ အဲလိုလက်ခံလိုက်တော့ ကိုယ့်ရွာကို ဖျက်ဆီးနေတာနဲ့ အတူတူပဲ။ ရွာက အသက်မပြည့်တဲ့ ကလေးသူ ငယ်တွေဆိုရင် အဲလိုပွဲတွေရှိတော့ သွားဆော့ကြတယ်။ ကြာလာတော့ သူတို့ရဲ့ကလေးတွေ အနာဂတ်ပျောက်နေတာ တွေ့နေရတယ်။ ပညာရေးဘက်က လုပ်ခိုင်းရင် သူတို့က စိတ်မဝင်စားတော့ဘူး။”လို့ ပိုင်ကျုံမြို့နယ်မှ ဒေသခံတစ်ဦး က ဆိုပါတယ်။

ရပ်ရွာထဲမှာ အခုလို လောင်းကစားဝိုင်း ကျင်းပနေတာဟာ ညဘက်အချိန်အခါမတော် ပွဲခင်းအသံ၊ သီချင်းသံ စတဲ့ ကျယ်လောင်တဲ့အသံတွေကြောင့် သက်ကြီးရွယ်အို အဘိုးအဘွားတွေ အိပ်စက်မရတာ၊ အမျိုးသမီးတွေ အဖော်မပါရင် ညဘက် ရွာထဲ ဈေးဝယ်ထွက်ဖို့တောင် မသွားရဲတဲ့အခြေအနေ ဖြစ်နေပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းရှိတဲ့ နေရာတွေမှာ ဆိုင်ကယ်ပျောက်ဆုံးတာတွေ၊ ငွေကြေးလုယက်ခံရတာတွေ၊ ပစ္စည်းခိုး ယူခံရတာတွေ ဖြစ်ပွားနေပြီး ၎င်းကျေးလက်နဲ့ နယ်မြေဒေသအတွင်း အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်‌‌စေ တစ်ဦးတစ် ယောက်တည်း သွားလာတာတွေအတွက် လုံခြုံမှုမရှိမှာကိုလည်း စိုးရိမ်နေရတယ်လို့ ပြောကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံ့စီးပွားရေးကျဆင်းမှု ဆိုးရွားသထက်ဆိုးရွားလာပြီး ကုန်စျေးနှုန်းတွေက တရိပ် ရိပ် တက်လာနေပါတယ်။ ဒါကြောင့် အများပြည်သူ လူမှုဘဝ ခက်ခဲနေချိန်မှာ ယခင်ကတည်းက ပြုလုပ်လာခဲ့တဲ့ လောင်းကစားဝိုင်းတွေက ပိုမိုကျယ်ပြန့်လာတဲ့ ဒုက္ခတစ်မျိုးဖြစ်နေပြီး လူမျိုးတစ်မျိုး၊ ဒေသတစ်ခုရဲ့ အနာဂတ် ပျက်စီး အောင် လုပ်ဆောင်တဲ့သဘော သက်ရောက်နေပါတယ်။

ဒီအခြေအနေတွေအပေါ် စိုးရိမ်မှုဖြစ်နေကြတဲ့ ပြည်သူလူထုက လောင်းကစားလုပ်ငန်းကို ထိရောက်စွာ အရေးယူ တားမြစ်ပေးဖို့ တင်ပြတောင်းဆိုလာတာကြောင့် ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးအဖွဲ့(Unity Committee for Karen Armed Group – UCKAG) က ပြီးခဲ့တဲ့ ဧပြီလက သဘောတူညီမှု လက်မှတ်ရေးထိုးပြီး နယ်မြေအတွင်း လောင်းကစား ပပျောက်ရေးအတွက် ကြိုးစားနေကြတယ်လို့ ၎င်းတို့ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီရဲ့ အသိပေး ထုတ်ပြန်ထားချက်အရ ပထမအဆင့်အနေနဲ့ ဖားအံ ခရိုင်၊ တပ်မဟာ-၇ နယ်မြေအတွင်း လျော့နည်းပပျောက်နိုင်ရေးအတွက် အထူး တာဝန်တစ်ရပ်အဖြစ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားကြဖို့ အဆိုပါကော်မတီက ညွှန်ကြားချက် ထုတ်ပြန်ထားတာကို တွေ့မြင်ရတယ်။

ဖားအံခရိုင် ကေအဲန်ယူ ကရင့်အမျိုးသားအစည်းရုံးတာဝန်ရှိသူတစ်ဦးက “အမှုတစ်ခုခုဖြစ်လို့ သွားစစ်ဆေးလိုက်ရင် အသက် ၁၈နှစ်အောက်လူတွေ များတယ်။ နောက်ပြီးတော့ တချို့မိခင်တွေက သူတို့ကလေးကိုခေါ်ပြီး အန်ကလုံ လောင်းကစားဝိုင်း၊ ဖဲဝိုင်းတွေမှာ သူတို့ရဲ့ကလေးကိုခေါ်သွားတယ်။ အဲကလေးကြီးလာရင် သူတို့မိဘတွေလုပ်သလို ပြန်လုပ်မှာပဲ။ နယ်မြေခံတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် လောင်းကစားနဲ့ မူးယစ်ဆေးဝါးကိစ္စကို တော်တော် လေး ရှင်းရမယ်” လို့ မှတ်ချက်ပြု ပြောဆိုပါတယ်။

သို့ပေမယ့်လည်း ကရင်ပြည်နယ်ရဲ့ မြို့နယ်အတော်များများမှာ ကျယ်ပြန့်ကြီးထွားနေဆဲဖြစ်တဲ့ အာဝါဒေးလို့ လူသိများ တဲ့ လောင်းစကားဝိုင်းဟာ ဌာနေအခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အောက်ခြေတာဝန်ရှိသူတွေနဲ့ ပတ်သက်ဆက်နွယ်မှု များပြားတဲ့အတွက် မြေပြင်လောင်းကစားဝိုင်း လုံး၀ ပပျောက်နိုင်ရေးက ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်နေတယ်လို့ ထောက်ပြပြောဆိုသူလည်း ရှိပါတယ်။

ဒါ့ကြောင့် ဒေသအတွင်း ကျယ်ပြန့်လွှမ်းမိုးလာတဲ့၊ တစ်မျိုးသားလုံးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ အာဝါဒေး လောင်းကစားဝိုင်း ပပျောက်ရေးအတွက် တိုက်ဖျက်မှုမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အသိပေးမှု၊ ထုတ်ပြန်မှု လောက်မဟုတ်ဘဲ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တကယ်လက်တွေ့ကျကျ အရေးယူဆောင်ရွက်တာမျိုး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒီလို လောင်းကစားဝိုင်း ကျင်းပပြုလုပ်တာတွေကို မိမိအကျိုးစီးပွားအတွက် ရေတိုသဘောမျိုးလောက်သာ ကြည့်နေ တာမျိုး မလုပ်သင့်ပါဘူး။ နှစ်ပေါင်းများစွာ နယ်မြေဒေသ၊ ကျေးလက်ဒေသအတွင်း စိမ့်ဝင်စီးမျောနေတဲ့ အာဝါဒေး လောင်းကစားဝိုင်းတွေ ပပျောက်ဖို့ အစီအစဉ်ရေးဆွဲပြီး မလုပ်ဆောင်ဘူးဆိုရင် မိမိတို့ရဲ့ အနာဂတ် ရင်သွေးငယ်တွေ၊ မျိုးဆက်သစ်တွေအတွက် ဒီလိုလောင်းကစားဝိုင်းဆိုတာ အမျိုးသားရေးရန်သူတစ်မျိုးအဖြစ် တည်ရှိနေမှာဖြစ်ပါတယ်။