Home သတင်း KNU ကွန်ဂရက်ကျင်းပပြီးစီးခြင်းအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဗြိတိန်သံရုံးရန်ကုန်တို့ သဝဏ်လွှာပေးပို့

KNU ကွန်ဂရက်ကျင်းပပြီးစီးခြင်းအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဗြိတိန်သံရုံးရန်ကုန်တို့ သဝဏ်လွှာပေးပို့

1433

မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်အောင်မြင်စွာ ကျင်းပပြီးစီးခြင်း အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG၏ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် ဗြိတိန်သံရုံးရန်ကုန် (UK in Myanmar) တို့က သဝဏ်လွှာပေးပို့၍ ဂုဏ်ပြုကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

NUG မှ မေလ(၇)ရက်နေ့ရက်စွဲဖြင့် ပေးပို့သောသဝဏ်လွှာတွင် ကေအဲန်ယူ၏ ဗဟိုဌာနချုပ်နှင့် ခရိုင်အသီးသီးတွင် အွန်လိုင်းစနစ်ဖြင့် (၁၁)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော (၁၇)ကြိမ်မြောက်ကွန် ဂရက်အား အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းနှင့် ရွေးကောက်တင် မြောက်ခံရသော ဗဟိုအမြဲတမ်း ကော်မတီဝင်(၄၅)ဦးနှင့်တကွ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား ဝမ်းမြောက် ဂုဏ်ယူကြောင်း ဖော်ပြပါရှိသည်။

အဆိုပါကော်မတီဝင်များအနေဖြင့် KNU ၏ ရှေ့လုပ်ငန်းစဥ်များနှင့် ကရင်လူထုအကျိုးအား အောင်မြင်စွာသယ်ပိုးနိုင်ပါစေကြောင်း NUG ၏ သဝဏ်လွှာမှတဆင့်ဆုမွန်ကောင်းတောင်း ပေးထား သလို KNU စတင်တည်ထောင်ချိန်မှစ၍ ကရင်လူထုကိုဦးဆောင်ကာ နိုင်ငံရေး၊ စစ်ရေးနှင့် အကြပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် KNU ကွန်ဂရက်တွင် မဟာလူမျိုးကြီးဝါဒနှင့်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမို ကရေစီစနစ်ထူထောင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့အတွက် ရှေ့လုပ် ငန်းစဥ်များအတိုင်း ကရင်လူထုတစ်ရပ်လုံးနှင့် လက်တွဲလုပ်ဆောင် သွားမည်ဖြစ်သလို အာဏာရှင် တော်လှန်နေသည့် တော်လှန်ရေးအင်အားစုများ အစရှိသော လူတန်းစားအသီးသီးတို့ဖြင့် ပူးပေါင်း၍ကြိုးပမ်းဆောင်ရွက်သွားမည့်ထုတ်ပြန်ချက်အပေါ် ဝမ်းမြောက်ကြောင်းလည်း NUG ၏ သဝဏ်လွှာတွင် ဆိုထားသည်။

NUG အနေဖြင့်လည်း KNU နှင့်ပူးပေါင်း၍ ဘုံရန်သူ စစ်ကောင်စီအား အပြီးသတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားမည့်အကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့အတူ ဗြိတိသျှသံရုံး ရန်ကုန်ကလည်း KNU ၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်အောင်မြင်စွာပြု လုပ်ပြီးစီးသည့်အတွက် ဂုဏ်ပြုကြောင်းနှင့် ရွေးကောက်တင်မြောက်ခံရသော ကော်မတီဝင်များ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်သူအားလုံးပါဝင်သော ငြိမ်းချမ်းသောဒီမိုကရေစီအနာဂတ် ကြိုးပမ်း တည်ဆောက်ရာတွင် အထောက်အကူဖြစ်မည်ကို မျှော်လင့်ကြောင်း ယနေ့ ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် ဧပြီလ(၂၄)ရက်မှ မေလ(၄)ရက်နေ့အထိ ကေအဲန်ယူနယ်မြေတစ်နေရာတွင် ကျင်းပပြု လုပ်ခဲ့သော KNU ၏ (၁၇)ကြိမ်မြောက်ကွန်ဂရက်တွင် ကြီး ၅ ကြီးဖြစ်သည့် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ၊ ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပဒိုစော တာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် ပဒိုစောသောသီနှင့် တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် ပဒိုစောလှထွန်းတို့ အသီးသီးရွေးကောက်တင်မြောက်ခံရသည်။

ထို့အပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် ကြီး(၅)ကြီးအပါအဝင် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောတောနီး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောလောအယ်မူးနှင့် ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုးတို့ ရွေးချယ်ခြင်းခံခဲ့ရသည်။