Home သတင်း ရွှေကုက္ကိုလ်ဒေသတွင် မဲနှိုက်စနစ်ဖြင့် တပ်သားသစ်စုဆောင်းမှုများထပ်မံပြုလုပ်လျက်ရှိနေ

ရွှေကုက္ကိုလ်ဒေသတွင် မဲနှိုက်စနစ်ဖြင့် တပ်သားသစ်စုဆောင်းမှုများထပ်မံပြုလုပ်လျက်ရှိနေ

945

မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်ဒေသတွင် မေလ ၆ ရက်နေ့မှစ၍ နယ်ခြားစောင့်တပ် (BGF) တပ် များနှင့် ရပ်ကွက်လူကြီးများက ဒေသခံရွာသားများကို မဲနှိုက်စနစ်ဖြင့် BGF အတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုများထပ်မံပြုလုပ်လျက်ရှိနေကြောင်း ဒေသခံရွာသားများက ပြောသည်။

အဆိုပါ မဲနှိုက်စနစ်ကို ယခုလရက် ၂၀ အတွင်း သတ်မှတ်ထားပြီး ရွှေကုက္ကိုလ်ကျေးရွာရှိ ရပ်ကွက် တစ်ရပ်ကွက်လျှင် လူဦးရေ ၁၅ ယောက်နှုန်းဖြင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ် နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံရွာသာတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ပြီးခဲ့တဲ့တစ်နေ့က သူတို့အစည်းအဝေးလုပ်တယ်။ တစ်ရပ်ကွက်ကို ၁၅ ယောက်စီသူတို့ခေါ် တယ်။ မဲနှိုက်လို့ပေါက်ရင် အဲ့ဒီလူသွားရတာပေါ့။ မဲကဗလာလည်းပါတယ်။ အခုက မဲတော့မနှိုက်ရ သေးဘူး။ ရပ်ကွက်လူကြီးနဲ့ BGF တွေက လိုက်စုနေတယ်။ စစ်သားတွေမှမရှိကြတော့တာ လိုက်ခေါ်ပြီး ပေါ့။ သူတို့မဲနှိုက်ဖို့ကို ရက် ၂၀အတွင်း သတ်မှတ်ထားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မဲနှိုက်ရသည့်စနစ်ဖြင့် တပ်သားသစ်စုဆောင်းရသည်မှာလည်း ဒေသခံရွာသားများအနေဖြင့် BGF တပ်သားလုပ်လိုသည့် စိတ်ဆန္ဒမရှိခြင်းနှင့် မလုပ်ရဲကြခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းဒေသခံရွာသား က ဆက်ပြောသည်။

“ရွာကသူတွေဘယ်သူမှမလုပ်ရဲဘူး။ အခုချိန်မှာ ဘယ်သူမှလုပ်မရဲဘူး။ အဲ့တာသူတို့က အတင်းအဓမ္မခေါ်နေတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ထို့အပြင် ရွှေကုက္ကိုလ်ဒေသခံရွာသားများကို မဲနှိုက်စနစ်ဖြင့် တစ်ရပ်ကွက်လျှင် ၁၅ ယောက် စစ်သားစု ဆောင်းနေသလို အနယ်နယ်အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင်သည့်လူများကိုလည်း ဆန်တစ် အိတ်နှင့် ထိုင်းဘတ်ငွေ ၅၀၀ ဘတ်ပေးဆောင်ရကြောင်း ယာယီအလုပ်လုပ်ကိုင်နေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ကျမယောက်ျားတို့ကို စစ်မှုမထမ်းနိုင်ရင် ဆန်တစ်အိတ်နဲ့ငွေရောပေးရမယ်တဲ့။ ဆန်အိတ်မပါရင် ၁၅၀၀ ဘတ်ပေးရတယ်။ ဆန်အိတ်ပါရင် ၅၀၀ ဘတ်ပဲ။ လက်မခံနိုင်ဘူး၊ ဆန်နဲ့ငွေမပေးနိုင်ဘူးပြောရင် ဖမ်းခေါ်သွားတာ။ မိန်းကလေးမပါဘူး။ ကျမတို့လို ယာယီနေထိုင်ခွင့်သမားတွေက ဆန်တစ်အိတ်နဲ့ ငွေ ၅ ရာပေးရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် ဒေသခံရွာသားများအပေါ် ယခုလိုတပ်သားသစ်စုဆောင်းမှုနှင့် ပတ် သက်ပြီး သက်ဆိုင်ရာ (BGF)တပ်ဖွဲ့၏ တာဝန်ရှိသူများကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

အလားတူ ပြီးခဲ့သည့်နှစ်ကလည်း BGF တပ်နယ် (၃)ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်ဒေသ၊ ကျေးရွာ များ အတွင်း နေထိုင်ကြသည့် ဒေသခံလူငယ်များအား တပ်သားသစ်အဖြစ် ခေါ်ယူစုဆောင်း မှုများပြုလုပ်ပြီး စစ်မက်ဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း တပ်သားသစ် စုဆောင်းခံခဲ့ရသည့် မိသားစုဝင်များက ကေအိုင်စီသို့ ပြောဆိုခဲ့ဖူးသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာတွင် စစ်ကောင်စီအရာရှိများ၊ တပ်သားများနှင့် BGF တပ်ဖွဲ့၀င်များအကျအဆုံးများနေသည့် အတွက် ယခုလို မဲနှိုက်ခေါ်ယူစုဆောင်းခဲ့ခြင်းဖြစ်ပြီး မလုပ်နိုင်သူအား ထိုင်းဘတ်ငွေ ၁၀,၀၀၀ အထိ ငွေ ပေး၍ လူအစားထိုးရှာဖွေပေးရကြောင်း တိုက်ပွဲဖြစ်နေရာများသို့ BGF တပ်သားအဖြစ် ပို့ဆောင်ခံ ထားရသည့် ဒေသခံ မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင်လည်း မြ၀တီမြို့မြောက်ဘက် ရွှေကုက္ကိုလ်ကာစီနိုတရုတ်မြို့သစ် စီမံကိန်းအနီးတွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် ကော်သူးလေတပ်မတော် (KTLA)ပူးပေါင်း တပ်နှင့် BGF တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများလည်းရှိခဲ့သည်။