Home သတင်း ရွှေကျင်ချောင်းနံဘေးရှိ လူနေအိမ်ခြေများအား စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ဖယ်ရှားခိုင်းနေ

ရွှေကျင်ချောင်းနံဘေးရှိ လူနေအိမ်ခြေများအား စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ဖယ်ရှားခိုင်းနေ

1033
Photo: CJ

မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ရွှေ ကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်ချောင်းနံဘေးရှိ လူနေအိမ်ခြေများအား ဖျက်သိမ်း ရန်အတွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ပြီးခဲ့သည့်ဧပြီလမှစ၍ အမျိုးသားမြေ ယာကော်မတီဖွဲ့ကာ ဖယ်ရှားခိုင်းနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အိမ်ခြေတစ်ရာခန့်ရှိသော အဆိုပါ အိမ်တန်းများသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက သက်ဆိုင်ရာမှမြေနေရာချထားပေးခြင်းမရှိသော်လည်း ‘ငွေသောင်ယံ’ဟု အမည်သတ်မှတ်ကာ နေထိုင်နေကြပြီး ယခုတွင် မြေနေရာပြန်လည်သတ်မှတ်၍ ရောင်းစားမည်ဖြစ်သဖြင့် လက်ရှိ လူနေအိမ်ခြေများ ဖယ်ပေးရမည်ဟု သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများက အသိပေးထားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မကျည်းတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက နေရာမဖယ်ပေးလိုသော ဒေသခံများအား မြေတစ်ကွက်လျှင် မြန်မာငွေကျပ်နှစ်သိန်းပေး၍ နေနိုင်ကြောင်း ပြောဆိုကာ ငွေကြေး ကောက်ခံနေသည်ဟု ဒေသခံများနှင့်နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “မကျည်းတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက အိမ်မဖျက်ချင်ရင် တစ်အိမ်ကို မြန်မာငွေ ၂ သိန်း ပေးဆိုပြီး တောင်းတော့ပေးနိုင်တဲ့လူတွေက သွားပေးကြတာရှိတယ်။ မပေးနိုင်တဲ့သူကလည်း သူ့ကို မျက်နှာသွားလုပ်ရတယ်။ အဲ့လိုလုပ်စားနေတဲ့အထဲမှာ အုပ်ချုပ်ရေးမှူးနဲ့အတူ ရပ်မိရပ်ဖတချို့လည်းပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

လက်မခံနိုင်သူဒေသခံများက သက်ဆိုင်ရာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များထံ အသိပေး ပြောပြထားပြီး ၎င်းမှတဆင့် ကေအဲန်ယူတပ်မဟာ(၃)မှ တာဝန်ရှိသူများထံ ဆက်လက်အ သိပေးပြောကြားရန် အစီအစဥ်ရှိကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်က ချောင်းဘေးမှာမြေနုကျွန်းတွေပေါ်တော့ နေရာချမပေးဘဲနေရာဦးကြရင်းနဲ့ အိမ်တန်း တွေဖြစ်လာတာ။ အစဥ်အဆက်က အုပ်ချုပ်ရေးမှူးတွေကလည်း ငွေကြေး လက်ခံထားတာရှိတယ်။ အခုလည်း ရောင်းဖို့အသံတွေလွှင့်ပြီးပေါင်းစားနေကြပြန်ပြီ။ တပ်မဟာ(၃)နယ်မြေမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဆိုင်ရာစီမံခန့်ခွဲမှုတွေကို ဘာမှမလုပ်ရဆိုပြီး ကေအဲန်ယူဘက်က ၂၀၂၂ခုနှစ် အစောပိုင်းကတည်းက ပြောထားတာရှိတယ်ဆိုတော့ ဒီကိစ္စကို အသိပေးပြောပြသွားမယ်လို့ သိရတယ်။” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလအတွင်း ရွှေကျင်မြို့နယ်ရှိ ခြေတော်ရာနှင့်ကွက်သစ် ရပ်ကွက်များနှင့် ရှမ်းရွာကျေးရွာတွင်နေထိုင်သော အရပ်သားပြည်သူများအနက် စစ်ကောင်စီနှင့် နီးစပ်သူများအား ညောင်လေးပင်ခရိုင်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် စစ်ကောင်စီက အသိပေးဖယ်ရှားခိုင်းခဲ့ကြောင်း‌ ကေအဲန်ယူက နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။