မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လိုင်စင်မဲ့ယာဉ်များ အသုံးပြုသွားလာလျှင် ဖမ်းဆီးအရေးယူသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ တာဝန်ရှိသူများက ယမန်နေ့မေလ ၇ရက်နေ့တွင် ရပ်ကွက်တိုင်းကို လိုက်လံ ဆော်ဩအသိပေးကြေညာခဲ့ကြောင်း ဖားအံမြို့ခံများက ပြောသည်။
ပြီးခဲ့သည့် လအနည်းငယ်ကတည်းက လိုင်စင်မဲ့ယာဉ်များဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံဌာနမှ လိုင်စင်မဲ့ယာဉ်များအသုံးပြုလျှင် ဖမ်းဆီး အရေးယူမည်ဟု ယခုလို တရားဝင်ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်ကြောင့် လက်ရှိတွင် မြို့တွင်း လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှုမရှိသလောက် နည်းပါး သွားကြောင်း ဖားအံမြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဒီရက်ပိုင်းဖားအံမြို့ထဲမှာ လိုင်စင်မပါတဲ့ယာဥ်တွေ၊ ဆိုင်ကယ်တွေပေး မဝင်ဘူး။ ဝင်မယ်ဆို ဖမ်းဆီး အရေးယူမယ်လို့ လိုက်ကြေညာတယ်။ အခုလိုလိုက်ကြေညာတော့သွားလာရတာ စိတ်ပူနေရတယ်။ ကြောက်နေရတာပေါ့။ သူတို့စစ်တာလည်း ဆိုင်ကယ်လိုင်စင်အပြင် တခြားဟာလည်း စစ်တာပဲလေ။ သူတို့စစ်တဲ့နေရာဆို မသွားတော့ဘူး။ တခြားလမ်းပဲရှောင်သွားလိုက်တယ်။”ဟု ၎င်းက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်လိုင်စင်များဖောင်းကြွနံပါတ်ပြားအသစ်တပ်ဆင်ရန် စစ် ကောင်စီ လက်အောက်ခံဌာနမှ ညွှန်ကြားထားသော်လည်း ကရင်ပြည်နယ်တွင်းရှိ ဒေသခံအများစုမှာ လိုင်စင်မဲ့ယာဉ်များကိုသာ အသုံးပြုနေရသေးကြောင်း ဖားအံမြို့ဒေသခံများက ပြောသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ယာဉ်လိုင်စင်တွေ ဖောင်းကြွနံပါတ်ပြားသစ်လဲခိုင်းတယ်။ သတ်မှတ် တဲ့ရက် ကုန်သွားရင်အကြီးအကျယ်လုပ်တော့မယ်လို့ သတင်းကြားတယ်။ ကျနော်တို့ဘက်မှာဆို ဆိုင်ကယ်တွေဆို without (လိုင်စင်မဲ့)တွေများတယ်။ လိုက်လံဆော်ဩတဲ့နောက်ပိုင်းတော့ မြို့တွင်းမှာ without ယာဉ်တွေတောင် မတွေ့ရတော့ဘူး ။ အခြေအနေစောင့်ကြည့်ရမယ်”ဟု နောက်ထပ် ဖားအံမြို့ခံတစ်ဦးကလည်း ပြောသည်။
ယခုလ မေလ ၁၅ရက်နေ့မှစ၍ ဖောင်းကြွနံပါတ်ပြားပြောင်းလဲတပ်ဆင်မှုမရှိသေးသည့် မော်တော် ယာဉ် များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် နံပါတ်ပြား မှာယူထားပြီးဖြစ်ကြောင်း၊ အထောက် အထားပြေစာတင်ပြနိုင်ခြင်းမရှိသည့် မော်တော်ယာဉ်များအား စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ် (Wheel Tax) ကို သိမ်းယူရန်နှင့် နံပါတ်ပြားအသစ်တပ်ဆင်ပြီး ကြောင်းကို လာရောက်ပြသနိုင်မှသာ Wheel Tax ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ပဲခူးတိုင်းဖြူးမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် အသုံးပြုသည့် ပြည်သူတစ်ဦးသည် ဖြူးမြို့နယ်ရဲစခန်းတွင် နှိပ်စက်ခံရသဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။



















