Home သတင်း တောင်ကြာအင်းတံတားကို အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီနှင့် BGF တပ်တို့ ပိတ်ထား

တောင်ကြာအင်းတံတားကို အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီနှင့် BGF တပ်တို့ ပိတ်ထား

946

မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာ အင်းကျေးရွာနှင့် မြောက်ကြာအင်းကျေးရွာကြားရှိ ဟောင်သရောချောင်းကူးတံတားကို စစ်ကောင်စီနှင့် နယ်မြေခံ နယ်ခြားစောင့်တပ်-BGF တပ်တို့က မေလ ၆ရက်မှစ၍ တံတားပေါ်သွားလာခွင့်ပိတ်ထားလိုက် သည်ဟု ဒေသခံထံမှ သိရသည်။

အဆိုပါ ကျေးရွာအနီးတွင် လက်ရှိတိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသလို လူထုများကို တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်းမရှိဘဲ စစ်ကောင်စီတပ်နှင့် BGF တပ်တို့က တံတားကို ရက်အကန့်အသတ်မရှိ ပိတ် ထားလိုက်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ ဘာလို့ပိတ်တာလဲဆိုတာကိုလည်း ဘာမှမပြောဘူး။ ဆိုင်ကယ် လည်းဖြတ်လို့မရဘူး လူလည်းဖြတ်လို့မရဘူး။ တံတားပိတ်တာကို ရွာမှာရှိတဲ့လူတွေကိုလည်း ဘာမှမပြောဘူး။ တိုက်ပွဲတွေဖြစ်ရင်တစ်မျိုးပေါ့။ အခုက ဘာမှမဖြစ်ဘဲ တံတားပိတ်လိုက်တယ်။ တံတားအောက်မှာ လှေနဲ့လည်း ဖြတ်ခွင့်မပေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါတံတား၏ တောင်ကြာအင်းကျေးရွာဘက်ခြမ်းတွင် စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်များချကာ ပိတ် ထားသလို မြောက်ကြာအင်းကျေးရွာဘက်ခြမ်းတွင်လည်း ဖူ့တာခလုံး(ခ)ဗိုလ်သံလုံး ဦးဆောင်သည့် BGF တပ်ဖွဲ့က တပ်ဖွဲ့ဝင်များချပြီး တံတားပိတ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်- ကြာအင်းဆိပ်ကြီး-မုဒုံမြို့သို့ သွားသည့်လမ်းကြောင်းပေါ်ရှိ အဆိုပါတံတားကို ကြိုတင် အသိပေးခြင်း တစ်စုံတရာမရှိဘဲ ယခုလို ပိတ်ထားလိုက်သည့်အတွက် ခရီးသွားပြည်သူအများအပြား သွားလာရေးပြတ်တောက်သွားသည့်အပြင် ဒေသထွက်သီးနှံများကို ရောင်းဝယ်နေကြသော ဒေသပြည်သူများအတွက်လည်း အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

“အခုအချိန်က သီးနှံတွေ ထွက်တဲ့အချိန်ဖြစ်တယ်။ အဲဒီတံတားပေါ်မပေးဖြတ်တော့ ဟိုးကမ်းနီ ရွာဘက်ကို ပတ်လမ်းသွားရတယ်။ ဝေးလည်းဝေးတယ်။ ပြီးတော့ ဒီအချိန်မှာက ရာသီသီးနှံတွေ ထွက်တဲ့အချိန် အရောင်းအဝယ်လုပ်တဲ့အချိန်ဆိုတော့ အခက်တွေ့တာပေါ့။ ဒီလိုလမ်းပိတ်တာ တိုက်ပွဲဖြစ်မလားမသိဘူး သတိတော့နေရတယ်”ဟု ဒေသထွက် သီးနှံရောင်းဝယ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ မတ်လတွင် တောင်ကြာအင်းနှင့် မြောက်ကြာအင်းကျေးရွာအတွင်း နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်သည့် အတွက် အရပ်သားနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရသလို ရွာသားများ ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်ခဲ့ရသေးသည်။

ဒေသခံရွာသားများ၏ ပြုစုထားသည့် စာရင်းအရ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာတွင် လူနေအိမ်အဆောက်အဦးအလုံးပေါင်း ၅၀ ကျော် ထိခိုက်ပျက်စီးပြီး ဒေသခံရွာသား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လက်ရှိ တောင်ကြာအင်းကျေးရွာတွင် ဒေသခံရွာသူရွာ သားအနည်းငယ်သာ ပြန်လည်နေထိုင်ရဲကြ သေးသလို ရွာ၏အထက်တန်းကျောင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေထိုင်လာသည်မှာ ၁ နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။