Home သတင်း ဖားအံတွင် ယာဉ်များကို ရပ်ကွက်များအထိ ဝင်ရောက်ဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှုများပြုလုပ်နေ

ဖားအံတွင် ယာဉ်များကို ရပ်ကွက်များအထိ ဝင်ရောက်ဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှုများပြုလုပ်နေ

531
a woman walking
Photo-Crd

မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်း၏လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့စုံမှလိုင်စင်မဲ့ကား၊ ဆိုင်ကယ်များအပြင် ရပ်ကွက်အတွင်းရှိ လိုင်စင်ရှိကားများကိုပါ လိုက်လံသိမ်းယူဖမ်းဆီးနေပြီး ငွေညှစ်တောင်းခံမှုများပါ ပြုလုပ်နေကြောင်း မျက်မြင်သက်သေနှင့် ကိုယ်တိုင်တွေ့ကြုံရသူများက ပြောသည်။

ဖားအံမြို့တွင် ယခု မေလပထမအပတ်မှစ၍ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများပါဝင်သည့် အဖွဲ့စုံဖြင့် မြို့တွင်း ရပ်ကွက်များအပြင် လမ်းကြားများနှင့် လမ်းဂွများတွင် လိုင်စင်မဲ့ယာဉ်များအပြင် လိုင်စင်ရှိ ယာဉ်များကိုပါ လိုက်လံသိမ်းကြုံးဖမ်းဆီးနေပြီး သက်ဆိုင်ရာရုံးများတွင် ငွေကြေးပေး၍ ပြန်လည် ရွေးယူနေရကြောင်း မျက်မြင်တွေ့ရှိသူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ရတနာဒီပ ဘက်လိုနေရာတွေမှာ ဖမ်းတာများတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကဆို လမ်းကြားတွေ အထဲထိ အဖွဲ့စုံပဲလိုက်ဖမ်းတာ။ ကား၊ ဆိုင်ကယ်လည်းပါတယ်။ ပြီးတော့ဘေးတွဲယာဉ်လည်းပါတယ်။ အကုန်လိုက်ဖမ်းတာ။ အဲ့လိုတွေဖမ်းပြီးရင် ရုံးမှာ ၃ သောင်းက နေစပြီး တောင်းသလောက်ပေးရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို လိုက်လံဖမ်းဆီးမှုများတွင် လိုင်စင်မဲ့ယာဉ်များအပြင် လိုင်စင်ရှိသော ယာဉ်များကိုပါ ဆွဲယူသွား ပြီး သက်ဆိုင်ရာရုံးများတွင် ငွေကြေးပေး၍ ပြန်လည်းရွေးယူရကြောင်း ရုံးသို့ခေါ်ဆောင်ကာ ငွေညှစ် တောင်းခံမှုကို ကြုံတွေ့ခဲ့ရသည့် ဖားအံမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဖမ်းတာက Mytel ရုံးက ကားတောင်ဖမ်းခံမိတယ်။ ပြီးတော့ သူတို့အဲ့လို လမ်းကြားတွေထဲ လိုက် ဖမ်းပြီးဆိုအဲ့ဒီနားတဝိုက်မှာရပ်ထားတဲ့ လိုင်စင်ရှိတဲ့ကားကိုတောင်ဖမ်းပြီးတော့ နေ့လည်(၂)နာရီ ရုံးမှာပိုက်ဆံနဲ့လာရွေးဆိုပြီးတော့တောင် ပြောသွားသေးတယ်။ ပြီးတော့ ကားကို သူတို့ကိုယ်တိုင်ယူသွား လိုက်တယ်။ မြို့ထဲ အသွားအလာတောင်တော်တော် ရှင်းသွားတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ဖမ်းဆီးမှုများကြောင့် ဘေးတွဲဆိုင်ကယ် ယာဉ်မောင်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ကြရ သူများအနေဖြင့်လည်း စားဝတ်နေရေး ဖြေရှင်းရန်အတွက် အခက်အခဲပါကြုံတွေ့ရသလို ထိုယာဉ်များကို မှီခိုအားထားရသည့် မြို့ခံလူထုများအနေဖြင့်လည်း သွားလာသယ်ယူ ပို့ဆောင်ရေးအတွက် အခက်အခဲများရှိလာကြောင်း ဒေသခံလူထုများကပြောသည်။

ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးက “အဲ့လိုတွေလိုက်ဖမ်းနေတာဆိုတော့ ကျနော်တို့က ဘေးတွဲနဲ့ ရေခဲလိုက်ပို့ ရတာလေ။ အခုလိုတွေဖမ်းလာတာများလာတော့ အရင်ကထက် စောစောထပြီး သူတို့မရှိတဲ့ လမ်းကနေရှောင် မောင်းရတယ်။ တစ်ခုခုဆို ကြောက်နေရတာပေါ့။ ဘေးတွဲမ မောင်းပြန်ရင်လည်း စားဖို့သောက်ဖို့ကလည်းရှိသေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၁၅ရက်နေ့တွင်လည်း ဖောင်းကြွနံပါတ်ပြားပြောင်းလဲ တပ်ဆင်မှုမရှိသေးသည့် မော်တော်ယာဉ်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် နံပါတ်ပြားမှာယူထားပြီးဖြစ် ကြောင်း အထောက်အထားပြေစာတင်ပြနိုင်ခြင်းမရှိသည့် မော်တော်ယာဉ်များအား စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ် (Wheel Tax) ကို သိမ်းယူရန်နှင့် နံပါတ်ပြားအသစ် တပ်ဆင်ပြီးကြောင်းကို လာရောက်ပြသနိုင်မှသာ Wheel Tax ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။