Home သတင်း ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေတိုးလာ၍ နေရာထိုင်ခင်းအခက်အခဲ ရှိနေ

ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေတိုးလာ၍ နေရာထိုင်ခင်းအခက်အခဲ ရှိနေ

418
Photo-KIC

မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တည်ရှိသည့် ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း၌ ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသူသားလူဦးရေ ထပ်တိုးလာသောကြောင့် နေရာထိုင်ခင်းခက်ခဲမှုများ ရှိနေကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းတွင် ယခင်က ကျောင်းသူ/ကျောင်းသားဦးရေ ၂၀၀ ကျော်ခန့်ရှိသည့်အနက် ယခုနှစ်တွင် ဒေသအသီးသီးမှ တိုက်ပွဲများကြောင့် ရွှေ့ပြောင်းရောက်ရှိလာသည့် ကျောင်း သူ /သားဦးရေ ၃၀၀ကျော်အထိ တိုးလာသဖြင့် ကျောင်းအဆောင်များ လိုအပ်ချက်ရှိနေကြောင်း ယနေ့ ပြုလုပ် သည့်ကျောင်းဖွင့်ပွဲ၌ ကျောင်းဆရာစောအယ်ဝန်ခန့်က ယခုလိုပြောသည်။

“ဒီနှစ်များလာတဲ့ကလေးတွေထဲမှာ အကုန်လုံးမြန်မာပြည်ကကြီးပဲ။ လွန်ခဲ့တဲ့နှစ်တွေကတော့ ကျောင်းသားတွေ ၅၀၀ အထိရှိခဲ့ဖူးတယ်။ ၂၀၂၂ -၂၀၂၃ မှာကတော့ ကျောင်းသား ၂၀၀ ကျော်ရှိတယ်။ အခုပြည်တွင်းထဲကလာတဲ့ ကလေးတွေများလာတော့ ၃၀၀ ကျော်လောက်ရှိလာတယ်။ ကျောင်းအဆောင်တွေက မလောက်တော့ ကလေး တွေ တစ်ခန်းထဲမှာစုပြီး အများကြီးထားထားရတယ်။ လူများပြီးနေရာတွေက မလောက်ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် ခွဲကဘောင်အထက်တန်းကျောင်းအတွက် လာမည့်လများအတွင်း မြေနေရာလှူဒါန်းမည့်သူများရှိ လာမည်ဖြစ်၍ လက်ရှိကျောင်းဆောင်သစ်မလုံလောက်သည့် ပြဿနာကို ဖြေရှင်းသွားနိုင်ရန် မျှော်လင့်ကြောင်း လည်း ကျောင်းတာဝန်ရှိသူများက ကျောင်းဖွင့်ပွဲတွင် ပြောဆိုသွားခဲ့သည်။

kic
Photo-KIC

ယနေ့ ပြုလုပ်သည့် ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ပွဲအခမ်းအနားကို ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများအားလုံးစုစုပေါင်း လူဦးရေ ၄၀၀ ခန့် တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာကျောင်းတာဝန်ရှိသူများက အမှာစကားများပြောဆိုကာ ကျောင်းသားကျောင်းသူများက ရိုးရာဒုံးအကများဖြင့်ကပြဖျော်ဖြေခဲ့ကြသည်။

ယခုနှစ်ကျောင်းလာတက်သည့် အထက်တန်းကျောင်းသူ နန်းခိုင်သဇင်မိုးက “ပြည်တွင်းမှာ စစ်ခဏခဏဖြစ်တော့ ကျောင်းကိုရပ်ထားရတယ်။ ပညာရှာတဲ့အချိန်မှာ အဲ့လို အခက်အခဲတွေ ရှိနေတော့ဒီကျောင်းမှာလာတက်ရတာပေါ့။ ဒီမှာကျောင်းလာတက်တဲ့အချိန်မှာ ကရင်စာကော သင်ရတော့ ပျော်တာပေါ့။ မြန်မာပြည်မှာက မြန်မာစာပဲသင်ရတယ်လေ” ဟု ကေအိုင်စီသို့ ပြောသည်။

ခွဲကဘောင် ကရင်အမျိုးသားအထက်တန်းကျောင်းတွင် အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ သိပ္ပံ ဘာသာရပ်များအပြင် ထိုင်း၊ ကရင် (ပိုး၊ စကော) စသည့် ဘာသာရပ်များကိုလည်း နေ့ရက်အလိုက် သင်ကြားပေးနေသည်ဟု သိရသည်။

ခွဲကဘောင်ကရင်အမျိုးသားစာသင်ကျောင်းကို ယခုနှစ် ဧပြီလ ၂၁ရက်နေ့တွင် ကွယ်လွန်သွားသည့် မန်းဗလစိန်(ခ) ဖူ့ခွဲကဘောင် ဦးဆောင်၍ ၁၉၈၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၇နှစ် သက်တမ်းရှိပြီးဖြစ်သည်။