Home သတင်း လူနေအိမ်အတွင်း စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲမှုကြောင့် သံမိုးတောင်ဒေသခံများ နေရပ်မပြန်ရဲ

လူနေအိမ်အတွင်း စစ်ကောင်စီတပ်များဝင်ရောက်တပ်စွဲမှုကြောင့် သံမိုးတောင်ဒေသခံများ နေရပ်မပြန်ရဲ

683
pic
Photo-CJ

မေလ ၃၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်၊ သံတောင်ကြီး မြို့နယ်၊ လိပ်သိုဒေသ သံမိုးတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းရှိ လူမနေ အိမ်များတွင် ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့် ဒေသခံများ လက်ရှိအချိန်တွင် နေရပ်ပြန်မနေထိုင်ရဲကြကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလက စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက သံမိုးတောင်ရွာသို့ လေကြောင်းပစ်ခတ်မှုများလုပ်ဆောင်သလို ယခုနှစ်အစောပိုင်းတွင် တိုက်ပွဲများမကြာခဏဖြစ်ပွားသောကြောင့် ကျေးရွာနေဒေသခံအများစုမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့စွန့်ခွာထွက်ပြေးနေစဥ် နေအိမ်တွင်ကျန်ရစ်သော ပစ္စည်းများ ခိုးယူခံရခြင်းများရှိနေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာအထက်တန်းစာသင်ကျောင်းတွင် တပ်စွဲနေထိုင်သည့်အပြင် လူမရှိသော နေအိမ်များတွင်လည်း ဝင်ရောက်နေထိုင်ခြင်းနှင့် တချို့အိမ်ပြန်လာကြည့်သော ရွာခံများအား ဖမ်းဆီးနှိပ်စက်ခြင်းများရှိသည့်အတွက် လက်ရှိအချိန်ထိနေရပ်ပြန်မနေရဲကြကြောင်း ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “သူတို့တွေ(စစ်ကောင်စီ)က သူတို့တပ်စခန်းထဲမှာနေရင် ကာကွယ်ရေးတပ်ဖွဲ့တွေလာပစ်တဲ့အခါကျတော့ မနေရဲတော့ဘဲနဲ့ ကျမတို့ရွာထဲက လူမနေတဲ့အိမ်တွေမှာ ဝင်နေကြတယ်။ အိမ်ပြန်သွားတဲ့ ရွာသားအချို့ကိုလည်း စစ်တပ်ကတွေ့ရင် ဖမ်းထားတယ်။ သူတို့စိတ်နဲ့မတွေ့တဲ့သူဆိုရင်လည်း ပစ်သတ်တယ်။ အဲ့ဒါကြောင့် ကျမတို့အိမ်ပြန်မနေရဲဘူး။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာအတွင်း ရေရရှိရန်သွယ်တန်းထားသော ရေပိုက်များ ပြန်လည်ပြုပြင်ရာတွင် ၎င်းတို့ဖမ်းဆီးထားသောရွာသားများကို အသုံးပြုနေသလို အဆိုပါရေပိုက် များအနီးတွင် မိုင်းများထောင်ထားသည့်အတွက် ရေပိုက်ပြင်မည့်ရွာသားများ၏ အသက်အန္တရာယ် စိုးရိမ်မှုရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“ရေပိုက်နားမှာရော၊ လမ်းတွေမှာရော ပတ်ပတ်လည် မိုင်းတွေလိုက်ထောင်ထားတာ၊ ရွာသားတွေ တစ်ခါပြန်ရင် တစ်ခါအဖမ်းခံရပြီး အဲဒီလိုနှိပ်စက်ခံရတော့ ဘယ်သူမှပြန်မနေရဲကြတာ” ဟု ၎င်းဒေသခံက ဆိုသည်။

သံမိုးတောင်ရွာရှိ စစ်ရှောင်များတွင် အမျိုးသမီးများ၊ ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုများလည်း ပါဝင်နေပြီး အချို့မှာ မိမိတို့ဥယျာဥ်ခြံမြေများနှင့် အချို့မှာ တောင်ငူမြို့သို့ စစ်ဘေးတိမ်းရှောင်နေထိုင်ကြရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စာသင်ကျောင်းအတွင်း တပ်စွဲနေထိုင်မှုကြောင့် ကျောင်းပြန်မဖွင့်နိုင်သေးသဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာရေးနှောင့်နှေးမှုလည်းရှိနေကြောင်း ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

အလားတူ သံတောင်မြို့(၁၃)မိုင်တွင်လည်း ယခုမေလအတွင်း ပစ်ခတ်မှုများဆက်တိုက်ဖြစ်ပွားနေပြီး ယမန်နေ့ မေလ(၂၉)ရက်နေ့က ဘုရင့်နောင်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ငွေတောင်ကလေးရွာဆေးပေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့သေးသည်။