Home သတင်း နယ်စပ်သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းမှ ရဲဘော် ၂ ဦး CDM ပြုလုပ်ပြီး KNU ထံခိုလှုံ

နယ်စပ်သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းမှ ရဲဘော် ၂ ဦး CDM ပြုလုပ်ပြီး KNU ထံခိုလှုံ

860

မေလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး စစ်ကောင်စီတပ်စခန်းရှိ ခြေမြန်တပ်ရင်း -ခမရ ၁၀၂ တပ်ရင်းမှ ရဲဘော် လူငယ် ၂ ဦးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု -CDM ပြုလုပ်ပြီး KNLA-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆ နယ်မြေ၊ တာအူးထစခန်းသို့ ဝင်ရောက်ခိုလှုံခဲ့သည်ဟု သိရသည်။

အဆိုပါ CDM ပြုလုပ်လာသည့် အသက် ၂၀အရွယ် ရဲဘော်သော်ဇင်ဦးနှင့် ရဲဘော်သားချစ်တို့ ၂ ဦးအား မေလ ၅ ရက်က ဘေးကင်းလုံခြုံရာလွတ်မြောက်နယ်မြေသို့ ခိုလှုံရောက်ရှိရန် KNU တာဝန်ရှိသူများက လွှဲပြောင်း ပို့ ဆောင်ပေးခဲ့ကြောင်း CDM ရဲဘော် ၂ဦး၏ ပြောဆိုချက်အရ သိရသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရပ်ကွက်တစ်ခုအတွင်း သူငယ်ချင်းတစ်ဦး၏ ညီမဖြစ်သူ မွေးနေ့ပွဲသွားရာမှ အပြန် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် စစ်သားစုဆောင်းရေးမှ တစ်ဆင့်ရမည်းသင်း စစ်သင်တန်းကျောင်းသို့ ပို့ဆောင်သင်တန်းတက်ခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ကရင်ပြည်နယ်၊ သေ့ဘောဘိုးစစ်စခန်းဘက်သို့ ပို့ဆောင်ခံထားရစဥ် CDM ပြုလုပ် ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု CDM ရဲဘော်သားချစ်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ တပ်ထဲမှာ သင်တန်းတုန်းက ထွက်ပြေးတာ ပြန်မိတယ်။ သင်တန်းတစ်ကွင်းလုံး ဝိုင်းထိုးပြီး အပြစ်ပေးတာ ခံရတယ်။ ထွက်ပြေးတာ လွတ်သွားရင် သူတို့သင်တန်းဆရာတွေ အရစ်ပြုတ်၊ အပွင့်ပြုတ်မှာ စိုးလို့ချော့ပြီးထားတယ်။ အခုရှေ့တန်းရောက်တော့လည်း ထွက်ပြေးလို့ ပြန်မိရင် PDF ဆိုပြီး ဖမ်းပြီး ပစ်သတ်တာခံရမယ်လို့ ပြောပြီး ထိန်းထားတယ်။ ကျနော်တို့ လူကိုလူချင်း ပစ်ခတ်သတ်ဖြတ်တာတွေ မလုပ်ချင်လို့ CDM လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ ”ဟု CDM ရဲဘော်သားချစ်က ပြောသည်။

လက်ရှိ KNLA တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဆင်ရေးစစ်ကြောင်းအဖြစ် သေ့ဘောဘိုး စစ်စခန်းတွင် အထိုင်ချ တပ်စွဲထားသည့် မွန်ပြည်နယ် မုတ္တမမြို့အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း -ခမရ ၁၀၂ တပ်ရင်းလက်အောက်ခံတပ်ဖွဲ့များသည် ဖလူး- ဝေါလေလမ်းပိုင်း တစ်လျှောက်တွင် အပစ်ရပ်ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်- DKBA တပ်ဖွဲ့များနှင့် ပူးတွဲစစ်ရေးလုပ်ဆောင်နေကြရကြောင်း ၎င်းရဲဘော် CDM များက ပြောသည်။

အဆိုပါ ပြောဆိုချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာ DKBA အဖွဲ့ခေါင်းဆောင်များ၏ သဘောထားကို သိရှိရန် ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

CDM ပြုလုပ်ပြီး KNLA တပ်ဖွဲ့ထံ ခိုလှုံလာသူ ထိုရဲဘော်နှစ်ဦး၏ပြောဆိုချက်အရ စစ်ကောင်စီတပ် စစ်ကြောင်းများတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြစ်မှုအမျိုးမျိုးတပ်၍ ဖမ်းဆီးခြိမ်းခြောက်ကာ စစ်သားစုဆောင်းသင်တန်းပေးပြီး ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခံထားရသည့် လူငယ်အများအပြား ရှိနေကြောင်းလည်း ပြောဆိုထားသည်။

CDM ပြုလုပ် ခိုလှုံလာသူ ရဲဘော်သော်ဇင်ဦးက “ ကျနော်တို့ သင်တန်းတက်ခဲ့တဲ့ ရဲဘော်သူငယ်ချင်းတွေ အများ ကြီးပါတယ်။ ဆေးမိတာ၊ ရန်ဖြစ်တာ၊ လုပ်အကိုင်မရှိ ၊ မှတ်ပုံတင်မရှိတာတွေကို ဖမ်းမိရင် စစ်တပ်ထဲ ဝင်ခိုင်းပြီး စစ်သင်တန်းကို ခေါ်လာသူတွေ အခုရှေ့တန်းမှာ အများကြီးရောက်နေကြတယ်။ ဘယ်သူမှ စစ်မ တိုက်ချင်ကြ ဘူး၊ အုပ်ချူပ်တဲ့ အရာရှိတွေကလည်း သူတို့ ရာထူးတိုးဖို့ ရှေ့တန်းဟန်ပြထွက်လာကြတာ။ တစ်လနေပြီး နောက်တန်းပြန်ဝင်ရင် ရာထူးတိုးတစ်ဆင့်တက်ပြီး နေရာပြောင်းသွားကြတာမျိုးပဲ ရှိတယ်။ ”ဟု ပြောသည်။

၂ နှစ်ကျော်အကြာ စစ်ရေးတင်းမာတိုက်ပွဲများနှစ်ဖက် ဖြစ်ပွားနေသည့် ဖလူး-ဝေါလေ လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များဘက်သို့ CDM ပြုလုပ် ခိုလှုံ ဝင်ရောက်ခဲ့ကြသည့် အရာရှိ ဗိုလ်မှူးအဆင့်မှ ဗိုလ်ကြီးအဆင့်၊ ရဲဘော်အဆင်အထိ လူပေါင်း ၅၀ ကျော် ခန့်သည်ဟု ၎င်း CDM ပြုလုပ်လာသူများအား ကူညီဆောင်ရွက်နေသူများက ပြောသည်။

ထို CDM ပြုလုပ်ဘက်ပြောင်း ခိုလှုံလာသူများအား လွတ်မြောက်နယ်မြေနေရာများတွင် KNU တာဝန်ရှိသူများ နှင့် အတူ ပြည်သူ့ရင်ခွင်အဖွဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့၊ စစ်သည်စစ်သားဇနီးများအဖွဲ့တို့ မှ စားဝတ်နေရေး၊ အလုပ် အကိုင်ရရှိရေး၊ နေရာထိုင်ခင်းရရှိရေးတို့အား စီစဥ်ဆောင်ရွက် အကူအညီပေးနေကြောင်း သိရှိရသည်။