Home သတင်း မဲကနယ်ဒေသ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အများအပြားပျက်စီးခဲ့

မဲကနယ်ဒေသ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အများအပြားပျက်စီးခဲ့

521

မေလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ပြင် မဲကနယ်ဒေသဘက်ကို စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု များပြားလျက်ရှိသည်ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်အရ သိရသည်။

မြဝတီမြို့ပြင် မဲကနယ်ဒေသဘက်ကို အမြှောက်တပ်နှင့် လေယာဥ် ဗုံးကြဲတိုက်ခိုက်မှုများ လက်ခတ် တောင် ဘုရားကုန်းဘက်အထိ နေ့/ည တိုက်ခိုက်မှု လုပ်ဆောင်နေပြီး ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ နှစ်ဖက်စစ်ရေးတင်းမာတိုက်ခိုက်နေ ဆဲဖြစ်သည်ဟု KNLA စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “၂၇၅ တပ်ကနေအမြှောက်တွေက ပြိုင်တူပစ်ထုတ်နေတာက အခုလက်ခတ်တောင်၊ ကျောက်ဂူ ဘက်ကိုရောက်လာပြီ။ လေယာဥ် ဗုံးကြဲတာ ခဏခဏဆိုတော့ မဲကနယ်ရွာနဲ့ ဗိုလ်မုတ်သုန်ကျောက် မိုင်းကတော့ ကြေမွနေပြီ ပျက်စီးကုန်တာ၊ မဲကနယ်ဘုရားကျောင်းကြီးလည်း အကုန်ပြိုပျက်ပဲလေ။ ရွာသားကတော့ အကုန်ပြန်မနေရဲကြသေးဘူး။ ရွာသစ်နဲ့ မြဝတီဘက်ကနေ ပြန်မလာကြသေးဘူး။ တချို့လည်း ပလောတပို့ဘက်၊ သေ့ဘောဘိုးဘက်ကို သွားရှောင်ကြတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်က ဖျက်အားပြင်း နှစ်ဆင့်ကွဲ လက်နက်ကြီးများ၊ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်လေယာဥ်ဗုံးများ အသုံးပြုပြီး ဧပြီလတစ်လလုံးနီးပါး လုပ်ဆောင်တိုက်ခိုက်မှုအတွင်း အရပ်သားနေရာများထိခိုက်ပျက်စီး ပိုများလာနေသည်ဟု ၎င်းစစ်ရေးသတင်း အရင်း အမြစ်က ဆက်ပြောသည်။

Photo: Crd.

“ထိတာကတော့ ရွာသားအိမ်တွေ၊ ကျောက်မိုင်းဘက်က အလုပ်သမားအိမ်တွေ ရုံးတွေ၊ ပျက်တယ်၊ BGF ဗိုလ်မုတ်သုန်ရဲ့ BGF စစ်ကတုတ်တွေ ပျက်ကုန်တယ်။ မဲကနယ်ဘုရားကျောင်း၊ ပွင့်လင်း အေးမြိုင်ရွာက ဘုန်းကြီးကျောင်းတွေပျက်စီးတယ်။” ဟု ထိုစစ်ရေး နယ်မြေ သတင်း အရင်း အမြစ်က ပြောသည်။

စစ်ကောင်စီတပ် ခလရ ၂၇၅ တပ်နှင့် မေတ္တာလင်းမြိုင်ဘက်မှ အမြှောက်များပစ်ခတ်မှုတွင် KNLA ပူးပေါင်းတပ်များအထိအခိုက်မရှိသော်လည်း မြေပြင်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူရှိသလို စစ်ကောင်စီတပ် ဘက်လည်း အရာရှိအဆင့်မှ အောက်ခြေတပ်သားအဆင့်အထိ သေဆုံးမှုရှိသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ မဲကနယ်ကျေးနယ်အတွင်းရှိ အတွင်းမဲကနယ်၊ အပြင်မဲကနယ်၊ ကွင်းကလေးကျေးရွာများဘက် စစ်ကောင်စီတပ် စစ်ကြောင်းများဝင်ရောက် စစ်ဆင် တိုက်ခိုက်နေပြီး ကော့ကရိတ် တောင်ကြာအင်း၊ ကျုံဒိုးကမ်းနီ၊ ကမရိုက်ကျေးရွာများဘက်ကိုလည်း စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်များညနယ်မြေရှင်းလင်းရေး စစ်ကြောင်းများ လှည့်လည် သွားလာနေသောကြောင့် ကျေးရွာဒေသခံ ငါးထောင်ဝန်းကျင်မှာ နေရပ်မပြန် နိုင်သေးဘဲ စစ်ဘေးရှောင် နေထိုင်နေကြရကြောင်း သိရသည်။