Home သတင်း ကျောက်ကြီးမြို့နှင့်‌နတ်သံကွင်းမြို့ကြားရှိ လမ်းတံတားများ ဖျက်ဆီးခံရသဖြင့် မိုးတွင်းကာလ သွားလာရေးခက်ခဲ

ကျောက်ကြီးမြို့နှင့်‌နတ်သံကွင်းမြို့ကြားရှိ လမ်းတံတားများ ဖျက်ဆီးခံရသဖြင့် မိုးတွင်းကာလ သွားလာရေးခက်ခဲ

628
pic
Photo-crd

မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နှင့် နတ်သံကွင်းမြို့ ကြားရှိ လမ်းပန်းဆက်သွယ်ရေးတံတားများ ဖျက်ဆီးခံရပြီးနောက် မိုးတွင်းကာလတွင် ဒေသခံပြည်သူ များ သွားလာ‌ရေးခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျောက်ကြီးမြို့မှ နတ်သံကွင်း၊ တောင်ငူနှင့်ဖားအံအစရှိသည့် အခြားမြို့များသို့ သွားနိုင်သည့် တံတားများ အားလုံးသည် ဖျက်ဆီးခံထားရသလို နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် မိုးတွင်း ကာလတွင် ဒေသခံပြည်သူများသွား လာရေးခက်ခဲလာသလို စားနပ်ရိက္ခာရရှိရန် ပိုမိုခက်ခဲလာ ကြောင်းလည်း လုံခြုံရေးအရ အမည်မဖော်လိုသူ ကျောက်ကြီးမြို့ခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက “မြို့ထဲကနေ အခြားမြို့ကိုသွားလာဖို့တံတားတွေ ဖျက်ဆီးခံရ‌တယ်။ တိုက်ပွဲလည်းနေ့တိုင်း လိုလိုဖြစ်တော့ သွားလာလို့မရဘူး။ တံတားတွေဖျက်ဆီးခံရတော့ မိုးတွင်းကာလ အတွင်းတော့ သွားလာ ရေးနဲ့ အစားအစာရရှိဖို့ခက်ခဲမယ်။ ပြည်သူအတွက် အကြပ်အတည်းဖြစ်မယ်။ အခု‌ ကျောက် ကြီးမြို့ အခြေအနေက ပြင်းထန်တဲ့ အရေးပေါ်လူနာဖြစ်မယ်ဆိုရင် တောင်ငူတို့ ရန်ကုန်တို့သွားဖို့ မလွယ်ဘူး။ လူနာတွေအတွက် အခက်အခဲဖြစ်မယ်”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကို ဟန့်တားနိုင်ရန် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များမှလမ်းတံတား များကို ဖြတ်တောက်ဖျက်ဆီးထားခြင်းဖြစ်ပြီး အဆိုပါ ဖျက်ဆီးထားမှုနှင့်နေ့စဉ်ထိတွေ့ တိုက်ပွဲများ ကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကြောင်း ကျောက်ကြီးမြို့ခံများက‌ ပြောသည်။

နောက်ထပ် ကျောက်ကြီးမြို့ခံတစ်ဦးကလည်း”သွားလာလို့မလွယ်ကူတော့ ကုန်ဈေးနှုန်းက သုံးဆလေး ဆလောက် တက်သွားတယ်။ အခုက ဆိုင်ကယ်နဲ့ သွားလို့ရသေးတယ်။ တစ်ချို့က အန္တရာယ်ကြားမှာ အသက်ရင်းပြီး ဆိုင်ကယ်နဲ့ဈေးသွားဝယ်ပြီး ဈေးတင်ပြန်ရောင်းကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကျောက်ကြီးမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် ဒေသ ခံများထောင်နှင့်ချီရှိနေပြီး ယခုမိုးတွင်းကာလတွင် စားနပ်ရိက္ခာရရှိရေးနှင့် နေရေးထိုင်ရေး အတွက် အခက်အခဲများရှိနေကြောင်းလည်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။