Home သတင်း ညောင်လေးပင်စစ်ရှောင်များ မိုးတွင်းကာလ နေထိုင်စားသောက်ရေးအကူအညီ ဆက်လက်လိုအပ်နေဆဲ

ညောင်လေးပင်စစ်ရှောင်များ မိုးတွင်းကာလ နေထိုင်စားသောက်ရေးအကူအညီ ဆက်လက်လိုအပ်နေဆဲ

560
Photo-KNU

မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် အ တွင်းရှိ စစ်ဘေးရှောင်များ မိုးတွင်းကာလ နေထိုင်ရေးအတွက် အမိုးအကာနှင့်စားနပ်ရိက္ခာအကူ အညီများ ဆက်လက်လိုအပ်ဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့်ရွှေကျင်မြို့နယ်တို့တွင် ယခုနှစ်အစောပိုင်း စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေး တိမ်းရှောင် ပြည်သူ ပိုမိုများပြားလာပြီး ထိုအထဲတွင် ကျောက်ကြီးနှင့်မုန်းရှိ စစ်ဘေးရှောင်များမှာ နေရာထိုင် ခင်းနှင့် စားနပ်ရိက္ခာလိုအပ်ချက် အကြီးမားဆုံးဖြစ်သည်ဟု ကရင်လူမှုရေးရာအဖွဲ့ဝင် ဒေသခံ တစ်ဦးက ပြောသည်။

“မိုးတွင်းဆို ကိုယ့်အိမ်အနီးအနား ရွာတွေမှာနေတဲ့စစ်ရှောင်တွေက နည်းနည်းသက်သာတယ်၊ တောထဲမှာနေတဲ့စစ်ရှောင်တွေအတွက်ကတော့ တော်တော်လေးခက်ခဲတယ်။ အမိုးအကာနဲ့ တာလ ပတ်တွေ၊ လက်ရှိအခြေအနေမှာ ဆေးဝါးနဲ့စားနပ်ရိက္ခာရောပေါ့။ ပြီးခဲ့တဲ့ရက်က ညောင်ပင် သာနဲ့ကျွန်းတောမှာ ဖြစ်သွားတဲ့ကိစ္စတွေမှာဆိုရင်လည်း စစ်ရှောင်တွေတော်တော် လေးများခဲ့တယ်။ တချို့က ဟိုးတောင်ပေါ်တွေအထိ တက်နေကြတယ်။” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များထဲတွင် ယခင် ၂၀၂၂ခုနှစ်ကတည်းက တိမ်းရှောင်လာကြရသူများရှိသလို ၎င်းတို့ ရွာအနီးအနားဝန်းကျင်တွင် စစ်ဘေးရှောင်ကြသူများလည်း စစ်ကောင်စီ စစ်ကြောင်း တစ်ခါထိုးတိုင်း တစ်ခါထွက်ပြေးတိမ်းရှောင်၍ အခြေအနေတည်ငြိမ်သွားမှ ပြန်လာရဲကြသည့် အခြေအနေများဖြင့် သံသရာလည်နေကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

လတ်တလောတွင် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဘေးရှောင်များအတွက် မိုးတွင်း ကာလကို ဖြတ်သန်းရန် ကြိုတင်စီစဥ်မှုများပြုလုပ်နေသော်လည်း စစ်ဘေးရှောင်ဦးရေများပြားသည့်အတွက် လိုအပ်ချက်နှင့်အကူအညီ မျှတမှုမရှိကြောင်း အဆိုပါ နယ်မြေတာဝန်ရှိသူများမှ သိရသည်။

ကျောက်ကြီးဒေသရှိ စစ်ဘေးရှောင်တစ်ဦးက“လာလှူထားတဲ့တာလပတ်တွေက မိုးတွင်းလေ အရမ်းတိုက်တဲ့အချိန်ဆို ပြုတ်ထွက်ကုန်တာတွေရှိတယ်။ သောက်သုံးရေဆိုလည်း တောထဲနဲ့မြစ် ချောင်းနဲ့နီးတဲ့နေရာကလူတွေရယ် ရွာနားကလူတွေရယ်ကျတော့ ရေကိုကျိုချက်ပြီး သောက်လို့ရ ပေမယ့် ကွင်းပြင်ကြီးထဲနေရတဲ့သူတွေအတွက်ကတော့ ရေအခက်အခဲရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလို ရာသီဥတုအကူးအပြောင်းကာလဖြစ်သော ယခုမေလအတွင်းတွင်လည်း စစ်ဘေး ရှောင်များ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်နာမကျန်းမှုများ တွေ့ကြုံခံစားနေရသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW အနေဖြင့် ရွှေ့ပြောင်းဆေးကုသမှုပေးသည့်အဖွဲ့များထားရှိ၍ ကုသမှုပေးရာတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးသည့်အခြေအနေကို အကဲခတ်၍ သွားလာနေရကြောင်း KDHW တာဝန်ရှိသူက ကေအိုင်စီသို့ ပြောဆိုထားသည်။

ကရင်အရပ်ဖက်အဖွဲ့အစည်းများ၏စာရင်းပြုစုချက်အရ ညောင်လေးပင်ခရိုင်တွင် လက်ရှိ ၂၀၂၃ခုနှစ် မေလအထိ စစ်ဘေးရှောင်ပြည်သူဦးရေ တစ်သိန်းခွဲကျော် ရှိကြောင်း သိရသည်။