Home သတင်း စစ်အုပ်စု၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ တားဆီးနိုင်ရေး လက်တွေ့ကျကျဆောင်ရွက်ပေးကြရန် နိုင်ငံတကာကို PNFC တိုက်တွန်း

စစ်အုပ်စု၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ တားဆီးနိုင်ရေး လက်တွေ့ကျကျဆောင်ရွက်ပေးကြရန် နိုင်ငံတကာကို PNFC တိုက်တွန်း

785

ဧပြီလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ပဇီကြီးကျေးရွာအပါအဝင် စစ်ကောင်စီတပ်၏ ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို တားဆီးနိုင်ရေးနှင့် အပြစ်ပေးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာဘုံစုစည်းမှုတစ်ရပ်ကို စုစည်းပြီး လက်တွေ့ကျကျဆောင်ရွက်ပေးကြရန် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ -PNFC က ဧပြီလ (၁၂)ရက်နေ့တွင် ကြေညာချက်ထုတ်ကာ နိုင်ငံတကာကို တိုက်တွန်းလိုက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် စစ်ကောင်စီက ကလေးသူငယ်များအပါအဝင် ပြည်သူပေါင်းများစွာကို ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်မှုသည် နောက်ဆုံးလုပ်ရပ်များ မဟုတ်သလို လာမည့်မကြာမီကာလများ၌လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် ထပ်မံ၍ ဆက်တိုက်ကျူးလွန်နေဦး မည်ဖြစ်ကြောင်းကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ လေးနက်စွာ အသိပေးအပ်ပါသည်ဟု PNFC က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအရေးကို ဖြေရှင်းပေးနိုင်ရေးအတွက် ကုလသမဂ္ဂအနေဖြင့်လည်း အခက်အခဲများ ကြုံတွေ့ရသည်ကို တွေ့ရှိရသောကြောင့် ကုလသမဂ္ဂ-UNအနေဖြင့် ဖြေရှင်းခြင်းမဟုတ်ဘဲ ဒီမိုကရေစီ အရေးနှင့် မြန်မာနိုင်ငံအရေးကို ရပ်တည်ပေးသည့် နိုင်ငံများအားလုံးစုစည်း၍ ပုံစံပြောင်းဖြေရှင်း ပေးနိုင်သည့်နည်းလမ်းဖြင့် လုပ်ဆောင်သင့်ကြောင်း PNFC ၏ အတွင်းရေးမှူး ခွန်ဝါးက ပြောသည်။

၎င်းက“အခု UNကို သွားရင်လည်း ရုရှားနဲ့တရုတ်က အဟန့်အတားတွေဖြစ်နေတယ်။ အာဆီယံကို သွား ပြန်ရင်လည်း အာဆီယံကိုယ်တိုင်ကလည်း အကျိုးတူစီးပွားတွေလည်းရှိနေတယ်။ အဲဒါကြောင့်မို့လို့ ဒီလမ်းကြောင်း နှစ်ခုက အလုပ်မဖြစ်ဘူးဆိုတာ ပြီးခဲ့တဲ့ကာလမှာ သက်သေတွေအများကြီးတွေ့ပြီးပြီ။ အဲဒီတော့ လမ်းကြောင်းပြောင်းဖို့တော့ လိုအပ်လိမ့်မယ်ပေါ့နော်။ ”ဟု ခွန်ဝါးက ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် မြန်မာနိုင်ငံတွင် စစ်ကောင်စီ ဆက်လက်ကျူးလွန်နေဦးမည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း၊ ကြေညာချက်ကို ဆက်လက်ထုတ်ပြန်နေရုံဖြင့် ဟန့်တားနိုင်မည်မဟုတ်ကြောင်းကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ သတိပေးပြောကြားကြောင်းလည်း PNFC ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အကြမ်းဖက်စစ်အုပ်စုသည် အနန့်ပါ (ကချင်ပြည်နယ်)နှင့်လက်ယက်ကုန်း(စစ်ကိုင်းတိုင်း)ကဲ့သို့သော စစ်ရာဇဝတ်မှုမြောက်သည့် ပြစ်မှုကြီးများကို နေ့စဉ်နှင့်အမျှ ကျူးလွန်သည်ထက် ကျူးလွန်လာပြီး မှားပြီးသားအမှားများကို နောက်ထပ်အမှားကျူးလွန်၍ ဖုံးကွယ်ရန် ကြိုးစားနေလျက်ရှိကြောင်း၊ အနန့်ပါ နှင့် လက်ယက် ကုန်းသတ်ဖြတ်မှုများ၏ တရားခံအကြမ်းဖက်စစ်ကောင်စီအား အပြစ်ပေးအရေး ယူရေးသည် နိုင်ငံတကာအရေးဖြစ်သကဲ့သို့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုး အား အပြီးတိုင်ဖယ်ရှားရေးသည် ပြည်ထောင်စုအရေးဖြစ်ကြောင်းမှတ်ယူသည်ဟု PNFC က ထုတ်ပြန် ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် ပအိုဝ်းဒေသ နန့်နိန်းရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ပြည်သူများကို အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှုများကို စစ်ကောင်စီဘက်က ဆက်လက်ကျူးလွန်နေ လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ကို စစ်တပ်အာဏာသိမ်းယူပြီးနောက် အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရန်၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရန်အတွက် ပြည်တွင်းပြည်ပရှိ ပအိုဝ်းအင်အားစုများ၊ အရပ်ဖက်အဖွဲ့များ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM ပါဝင်သူများအပါအဝင် အလွှာအသီးသီး ဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။