ဧပြီလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်အတွင်း အရပ်သား ၅၀ ကျော်သေဆုံးပြီး အနည်းဆုံး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ဧပြီလ(၁၂)ရက်နေ့တွင် ထုတ်ပြန် ထားသည်။
ပြီးခဲ့သည့် ဧပြီလ(၁၁)ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် စစ်ကောင်စီ ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ အများအပြား(နောက်ဆုံးသတင်းအရ ၁၆၀ ကျော်) သေဆုံးခဲ့ရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ လုပ်ရပ်အား ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် KHRG က ထိုသို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ထို့အတူ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူပိုင်နေရာများတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ရာ ကရင်ပြည်နယ်တွင်လည်း လေကြောင်းမှတိုက်ခိုက်မှုအကြိမ်ရေ အနည်းဆုံး(၁၅၅)ကြိမ်ဖြစ်ပွားခဲ့သည့်အနက် အရပ်သား(၅၀) ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀၀ ကျော်ရှိခဲ့ကြောင်း KHRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KHRG အဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက “သူတို့(စစ်ကောင်စီ)က နိုင်ငံတကာ ရာဇဝတ်မှုကို ကျူး လွန်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းပြီးကတည်းက ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို နိုင်ငံတကာဥပဒေကို လေးစားလိုက်နာခြင်းမရှိဘဲနဲ့ ရဲရဲတင်းတင်းကျူးလွန်နေတာ။ ကျနော်တို့ထုတ်ပြန်ချက်မှာပါတဲ့ (၅၀)ကျော်ဆိုတာ အရပ်သားတွေချည်းပဲ။ ဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်ဘယ်လောက်ပါတယ်ဆိုတာတော့ ပြောဖို့ခက်ခဲ့တယ်။” ဟု ပြောသည်။
ထို့အပြင် ထုတ်ပြန်ချက်တွင် ယခု ဧပြီလပထမအပတ်အတွင်း အထူးသဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်သော ဖားအံခရိုင်နှင့်ဒူးပလာယာခရိုင်တို့တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေး တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ တိုးမြှင့်လာခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများနေရပ်စွန့်ခွာရမှု ပိုမိုများပြားလာကြောင်းလည်း ဖော်ပြပါရှိသည်။

“ကျနော်တို့ ကရင်တိုင်းရင်းသားဒေသတွေမှာ စစ်ရှောင်ဦးရေက ဒီတစ်လနှစ်လအတွင်း ၆ သိန်းဝန်း ကျင်ဖြစ်လာတယ်။ ဒီစစ်ဘေးရှောင်တွေအတွက် Karen Emergency Relief Team ဆိုတဲ့ ကရင်လူမှုအဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ ကျနော်တို့ KHRG ကလည်း တတ်နိုင်တဲ့အခန်းကကနေ ပါဝင်လုပ်ဆောင်နေတာရှိပါတယ်။” ဟု စောနန္ဒဆူးက ဆက်ပြောသည်။
KHRG ၏ ထုတ်ပြန်ချက်တွင် စစ်တပ်အရာရှိများသာမက စစ်ကောင်စီသို့ လေယာဥ်လောင် စာဆီ ထောက်ပံ့နေမှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ဝင်ငွေရရှိနေမှုများကိုလည်း အဓိကထား ပိတ်ဆို့ အရေးယူပေးရန်နှင့် လက်ရှိ မြေပြင်တွင် စစ်ကောင်စီကြောင့် ထိခိုက်ခံစားခဲ့ရသူများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသော ဒေသတွင်းအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့ အစည်းများအား ဘဏ္ဍာရေးဆိုင်ရာအကူအညီများ တိုးမြှင့်ပေးရန်တို့ကို နိုင်ငံတကာသို့ တိုက်တွန်းထားသည်။
ထို့အတူ လက်ရှိစုံစမ်းစစ်ဆေးရေးလုပ်ငန်းများနှင့် စစ်ကောင်စီအား နိုင်ငံတကာဥပဒေအရ တရားစွဲ ဆိုရာတွင် ပံ့ပိုးကူညီပေးရန်၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သောပြစ်မှုများအတွက် စစ်ကောင်စီအား တာဝန်ခံမှုရှိစေနိုင်ရေး အခြားသောအခွင့်အလမ်းများကိုရှာဖွေရန်တို့ကိုပါ KHRG က နိုင်ငံတကာကို တိုက်တွန်းထားသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ(၂၀)ရက်နေ့က Fortify Rights နှင့် မြန်မာနိုင်ငံသား(၁၆)ဦးမှ စစ်ဗိုလ်ချုပ်များ၏ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့်အရ ဂျာမနီနိုင်ငံသို့တင်သွင်းထားသော တိုင်ကြားစာအား KHRG အနေဖြင့် ထောက်ခံကြိုဆိုကြောင်းလည်း ဇန်နဝါရီလ(၃၁)ရက်နေ့က ထုတ်ပြန်ထားသည်။



















