ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းတစ်လျှောက်တွင် ပြည်သူများအနေဖြင့် ယနေ့ ဧပြီလ ၇ရက်မှ ဧပြီလ ၂၁ရက်နေ့ထိ လုံးဝသွားလာမှုမပြုလုပ်ကြရန် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းအဖွဲ့များက ပူးတွဲအမိန့်ထုတ်ပြန်ခဲ့သည်။
ကော့ကရိတ်၊ မြဝတီဒေသအတွင်း ဖြစ်ပွားသည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် အထိနာနေပြီး လူအင်အား၊ လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာများ ပို့ဆောင်ရာတွင် အရပ်သား ပြည်သူများ၏ကားကို အသုံးပြုလျက်ရှိကြောင်း တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းအဖွဲ့များ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ ကျားဖြူစစ်ကြောင်းမှူး ဗိုလ်ကျော်သက်က”ဒီတစ်လ၊ နှစ်လအတွင်းတော့ အရပ်သားကားတွေပဲအသုံးပြုတော့တယ်။ စစ်ကောင်စီက ပြည်သူကို ခိုင်းရင် လုပ်ရတာပဲ။ စာထုတ်ပြန်တော့ပြည်သူအတွက် ကောင်းတာပေါ့။ စစ်ကောင်စီတွေအရပ်သားကားတွေ အသုံးပြုတော့ လမ်းမပိတ်ရင် ကျနော်တို့အစီအစဉ်လုပ်ကိုင်ရတာလည်း ထိခိုက်တယ်။ အရပ်သားကားတွေသွားလို့ရရင် စစ်ကောင်စီတွေလည်းသွားလို့ရတာပဲ”ဟု ကေအိုင်စီသို့ပြောသည်။
၎င်းထုတ်ပြန်ချက်သည် မြေပြင်လှုပ်ရှားသည့်တော်လှန်ရေးတပ်ဖွဲ့များ အစည်းအ ဝေးဆုံးဖြတ်ချက်ဖြစ်ကာ ထုတ်ပြန်ချက်ပါအတိုင်း လိုက်နာစေလိုကြောင်းလည်း ဗိုလ်ကျော်သက်က ဆက်ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ကော်ဘရာစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Lion Battalion၊ ကျားသစ်နက် စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း ကျားဖြူစစ်ကြောင်း၊ တောင်ပိုင်းဒေသ စစ်ဒေသခွဲအမှတ်(၃)အပြင် ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA(PC) ပါဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















