Home ဆောင်းပါး သာသနာပြုမင်းကြောင့် ဗုဒ္ဓတရားသံ ဆိတ်သုဉ်းသွားရသည့် မက္ကသာမြေ

သာသနာပြုမင်းကြောင့် ဗုဒ္ဓတရားသံ ဆိတ်သုဉ်းသွားရသည့် မက္ကသာမြေ

1604

သာသနာပြုမင်းကြောင့် ဗုဒ္ဓတရားသံ ဆိတ်သုဉ်းသွားရသည့် မက္ကသာမြေ

စောမြတ်ဦးသာ (ဧပြီလ ၇ရက်၊ ၂၀၂၃ ခုနှစ်)

အာရုဏ်ဦးနံနက်ခင်းသည် ရဟန်းသံဃာတော်တို့၏ ဗုဒ္ဓအဆုံးအမ တရားရွတ်ဆိုသံများဖြင့် ဘဝင်္ဂတိုင် လွင့်ပျံကြားနေရသည်။

ထိုအသံသည် ဝင်းရော်ဒေသ၏ တစ်ခုတည်းသာတည်ရှိနေသည့် မက္ကသာသာသနာ့မြေ၏ ဓမ္မရက္ခိတ ပရိယတ္တိစာသင်တိုက်ကြီးထံမှ ကြားနေရသည့် ဘုရားသားတော်တို့၏ စာဝါစာအံသံများဖြစ်သည်။

၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက်အာရုဏ်ခင်းက စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် မက္ကသာသာသနာ့မြေသည် ဓမ္မရက္ခိတပရိယတ္တိစာသင်တိုက်ကြီး ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။

“ရဟန်းသံဃာတွေရဲ့ အသက်ဘေးအန္တရာယ် လွတ်မြောက်ခဲ့တာကိုပဲ ကံကောင်းတယ်လို့ပဲ ပြောရမယ်” ဟု မက္ကသာကျောင်း ဆရာတော်ဦးသိရိန္ဒက တရားနှလုံးဖြင့်မှု၍ မိန့်ဆိုသည်။

မက္ကသာသာသနာ့မြေသည် ကရင်ပြည်နယ်၏ တောင်ဘက်ပိုင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည့် ရွာငယ်လေးတစ်ရွာ ဖြစ်သည်။

မက္ကသာမြေတစ်ခွင်မှာ ဗုဒ္ဓတရားရွတ်ဆိုသံတွေအစား တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့၏ ဝဇီချုပ်လက်နက်ကြီးသံဖြင့် ကောင်းကင်ယံတစ်ခွင်တွင် ပြန့်ကျဲကာ ကြားနေရသည်။

သိပ်မကြာမီမှာပင် ဘုရားသားတော်တို့၏ စာသင်တိုက်ကျောင်းတော်ကြီးပေါ်တွင် စစ်တလင်းမြေအလား စစ်ကောင်စီမှ လာရောက်ဗုံးကြဲချလိုက်ရသည်။

မင်းဆိုးရန်ဆိုးတို့၏ ဆင်ခြင်တုံတရားကင်းမဲ့မှုကြောင့် ခက်ခက်ခဲခဲဖြင့် တည်ဆောက်လာခဲ့ကြသည့် စာသင်တိုက်ကြီးတစ်တိုက် ဆုံးရှုံးလိုက်ရပြီးဟု ဌာနေလူထုများက ပြောဆိုကြသည်။

မက္ကသာမြေမှာ အကြီးတန်းအထိ ဗုဒ္ဓအဆုံးအမစာပေတွေ သင်ယူလို့ရအောင် မျှော်လင့်ထားတဲ့ စာသင်တိုက်ကြီး မီးထဲပါသွားပြီဟု ပြောနေကြသည်။

ဗုဒ္ဓအဆုံးအမစာအုပ်များပါ မီးလောင်ထဲပါသွား၍ သံဃာအချို့ စာမေးပွဲမဖြေဆိုနိုင်တော့ဟု ပြောနေကြသည်။ ထိုပရိယတ္တိစာသင်တိုက်သည် မက္ကသာရွာ၏ တစ်ခုတည်းသော သာသနာ့ဂုဏ်ဆောင် ဖြစ်သည်။

တစ်ပင်တိုင် ပျဉ်းကတိုးတန်လုံးကြီး ၆၄ တိုင်ဖြင့် နှစ်ထပ်တိုက်ကျောင်းတော်ကြီးကို ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်ခန့်က အများဒကာကောင်းမှုများဖြင့် တည်ဆောက်ခဲ့ကြသည်ဟု သိရသည်။ ကျောင်းအပေါ်ထပ်ဆောင်တွင် သစ်သားဖြင့်ဆောက်လုပ်ထားကာ အောက်ထပ်အဆောင်တွင်မူ ကွန်ကရစ်၊ အုတ်များဖြင့် တည်ဆောက် ထားသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ပရိယတ္တိစာသင်တိုက်ဖြစ်သော်လည်း အခြားဘာသာဝင်တို့၏ လောကီရေးရာ မှီခိုအားထားရာ ကျောင်းတော်လည်း ဖြစ်သည်။

ဗုံးကျရောက်ပေါက်ကွဲသံနှင့်အတူ မီးခိုးလုံးကြီးများဖြင့် ကျောင်းတော်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းလိုက်လေသည်။ ကျောင်း၏အပေါ်ထပ်ရှိ သစ်သားကြမ်းပြင်တစ်လျှောက်တွင် ဗုဒ္ဓစာပေများနှင့် ဆင်းတုတော်များ လွင့်စင်ပြန့်ကျဲကုန်ကာ ကျောင်းကြီးတစ်ခုလုံးသည်လည်း မီးလောင်ကျွမ်းနေလျက်ရှိသည်။

ထိုကျောင်းတော်သည် လာမည့်တပေါင်း တန်ခူးလတွင် ရေစက်ချအမျှဝေနိုင်ရန် ဒကာဒကာမများက စီစဉ်ထားဆဲဖြစ်နေသည်။ ယခုတွင် လေတပ်၏ ဗုံးဒဏ်ကြောင့် ဆရာတော်၏ အန္တိမရည်မှန်းချက်နှင့် ဌာနေ လူထုတို့၏ ကောင်းမှုအလှူဒါနတို့သည် သတ္တဝါအားလုံးအတွက်ကျောင်းတော်ကြီးအား ရေစက်ချအမျှဝေခွင့်ပင် မရလိုက်ပေ။

နှစ်စဉ် ဝါတွင်းကာလပတ်ဖြစ်၍ ဝါဆိုနေသည့် စာသင်သားရဟန်း ကိုရင် ဦးရေ ၆ဝ နီးပါးသည် ထိုကျောင်းတော်ကြီးတွင် ဗုဒ္ဓ၏အဆုံးအမ စာပေများအား ဆည်းပူးသင်ကြားနိုင်ကြသည့်အတွက် သာသနာ့ရောင်ဝါနေလိုလလိုထွန်းတောက် နေခဲ့သည်။

မက္ကသာရွာ၏ အိမ်ခြေမှာ ၃ဝဝ ကျော် သာရှိပြီး ဌာနေကရင်တိုင်းရင်းသား အများစုနေထိုင်ကြသည်။ ဒေသခံအများစုမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်သူများဖြစ်ကြပြီး နှစ်ပေါင်းရှည်ကြာ ငြိမ်းချမ်းစွာဖြင့်အတူယှဉ်တွဲပြီး နေထိုင်လာခဲ့ကြသည်။

ဗုဒ္ဓဘာသာကိုးကွယ်သူတို့၏ ဩကာသကန်တော့ကျိုးတွင် လူကိုနှိပ်စက်ဖျက်ဆီးတတ်သည့် ရန်သူမျိုး ၅ ပါး ရှိသည်ဟု ဖော်ပြထားသည်။

ထို ၅ ပါးထဲတွင် ရေ၊ မီး၊ ခိုးသူ၊ အမွေခံဆိုး(မချစ်မနှစ်သက်သူ)နှင့် “မင်း” ဟု ပါရှိသည်။ တိုင်းပြည်အုပ်ချုပ်သည့် “မင်း” ဆိုးမင်းယုတ်တို့ကြောင့်သည်လည်း တိုင်းသူ ပြည်သားများ ဆင်းရဲဒုက္ခရောက်ကြရပြီး မင်းတို့၏ ရန်သူအဖြစ်လည်း ရောက်တတ်ကြရသည်ဟု စာပေကျမ်းကန်များတွင် ဆိုထားသည်။

တိုင်းပြည်အုပ်ချုပ်မင်းတို့၏ ဆင်ခြင်တုံတရားကင်းမဲ့မှုကြောင့် သက်တမ်း ၄ နှစ်ကျော်ကြာ တည် ဆောက်လာခဲ့ကြသည့် ဓမ္မရက္ခိတပရိယတ္တိစာသင်တိုက်ကြီးသည်လည်း တရားရွတ်ဆိုသံများ ဆိတ်ငြိမ်သွားခဲ့ကြရပြီး ဘုရားသားတော်များလည်း ထိုနေရာသို့ စွန့်ခွာကြရလေပြီဟု ဒကာဒကာမများထံမှ သိရသည်။

“ဗုံးမကြဲခင်တစ်ရက်နှစ်ရက်အလိုမှာ စာမေးပွဲဖြေဖို့ ဖောင်လက်မှတ်တွေထိုးပြီး စာရေးလို့တောင်မပြီးသေးဘူး။ ကျောင်းမှာထားခဲ့တယ်။ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူမှမထင်ဘူးလေ။ စာအုပ်တွေရော အကုန်လုံးမီးထဲ ပါသွားတယ်။ စာမေးပွဲဖောင်တင်ဖို့ စာရင်းတွေရော၊ ဓာတ်ပုံတွေရော မီးထဲပါသွားတော့ ဒီနှစ်တော့ မဖြေလိုက်ရဘူး” ဟု ဓမ္မစရိယသုံးကျမ်းအောင်မြင်ထားသည့် စာချဆရာတော် ဦးစန္ဒာဝရက မိန့်ဆိုသည်။

စာချဆရာတော်ဦးစန္ဒာဝရသည် မက္ကသာကျောင်းကြီး မီးမလောင်ခင်အထိ ဗုဒ္ဓစာပေများပို့ချပေးနေသလို ပါဠိဂုဏ်ထူးစာမေးပွဲဖြေဆိုရန်အတွက်လည်း အပတ်တကုတ် လေ့လာအားထုတ်နေလျက်ရှိသည်။ ၎င်း၏စာအုပ်များနှင့် စာသင်သားတို့၏ စာမေးပွဲဖြေရန်ဖောင်စာရင်းများ မီးလောင်သွားသည့်ထဲပါသွားပြီး ပျက်စီးသွားသည့်အတွက် ယခုနှစ်စာမေးပွဲဖြေဆိုရန်ကိုလည်း ယာယီရပ်နားထားလိုက်ရသည်။

ကျောင်းတော်ကြီးမီးလောင်ပျက်စီးသွားပြီးနောက် မက္ကသာမြေရှိ ဒကာဒကာမများသည် အလှူရေစက် ကောင်းမှုူကုသိုလ်ပြုလုပ်ရာတွင် တရားချီးမြှင့်မည့်ပေးမည့် သံဃာမရှိတော့သည့်အပြင် ဗုဒ္ဓဘာသာဝင်တို့၏ အစဉ်အလာနေ့ကြီးရက်ကြီးမှာပင် မည်သူမျှဦးဆောင်ဦးရွက် မပြုလုပ်နိုင်ကြတော့ပေ။ အခါအားလျော်စွာ အခြားဒေသမှ သံဃာတော်များအား ပင့်ဖိတ်ပြီး အလှူဒါနပြုလုပ်နေကြရသည်ဟု သိရသည်။

“ သီလတို့ ကုသိုလ်တွေလုပ်ရင် ဆရာတော်ကို ပြန်ပင့်ယူတယ်။ ရွာသားတွေက ဘုန်းကြီးကျောင်း ဗုံးကြဲခံရကတည်းက ဒီနေရာကို စွန့်ခွာကြတယ်။ ကျောင်းတစ်ကျောင်းဖြစ်ဖို့ ရွာကလုပ်အားနဲ့ အများကြီးပါဝင်ခဲ့ကြတယ်လေ။ တရားရွတ်ဆိုသံတွေလည်း မကြားရတော့ဘူး။ ကျောင်းကြီးရေစက်ချဖို့ စီစဉ်ထားတာတွေလည်း ဖြစ်မလာတော့ဘူး။ ကျောင်းလည်း မီးလောင်ထဲပါသွားပြီး” ဟု မက္ကသာရွာသူ နော်ဟယ်စေးက ပြောသည်။

မက္ကသာကျောင်းတော်ကြီးတွင် ဝါဆိုနေဆဲ စာသင်သားရဟန်းသံဃာတော် ၅ဝ ကျော်နှင့် ကျောင်းသားတို့သည် စစ်ကောင်စီမှ လာရောက်ဗုံးမကြဲခင် တစ်ရက်အလိုတွင် အခြားနယ်မြေတစ်ခုသို့ ကြိုတင်၍ စစ်ဘေးတိမ်းရှောင် ထားကြသည့်အတွက် အသက်ဘေးမှ အသီးသီးလွတ်မြောက်ခဲ့ကြသည်။

သက်တော် ၃၈ နှစ်၊ ဝါတော် ၁၆ ဝါရှိသည့် မက္ကသာကျောင်းဆရာတော် ဦးသိရိန္ဒသည် မက္ကသာရွာတွင် စတင်သီတင်းသုံးနေထိုင်စဉ်က ဌာနေလူထုပညာရေးအတွက် ဘာသာလူမျိုးမခွဲခြားဘဲ မက္ကသာကျေးရွာမှ ဘုရားသုံးဆူမြို့ရှိ စာသင်ကျောင်းသို့ နေ့ချင်းပြန်ကျောင်းတက်နိုင်ရန် ကားဖြင့်ကြိုပို့စီစဉ်ထားပေးသည်။

ဆရာတော်၏စီစဉ်ပေးမှုကြောင့် လောကီအတန်းကျောင်းပညာတတ်များ မက္ကသာမြေတွင် ပေါ်ထွက်လာခဲ့သလို ၎င်း၏ပရိယတ္တိစာသင်တိုက်ကြီးသည်လည်း နှစ်စဉ် ရဟန်းသံဃာတော်များ ဗုဒ္ဓစာပေလာရောက်သင်သူ များလာသည့်အပေါ် ဆရာတော်၏ အန္တိမရည်မှန်ချက်ဖြစ်သည့် ပရိယတ္တိစာသင်တိုက်ကြီးလည်း ၄ နှစ်တာကာလအတွင်း ရုပ်လုံးပေါ်လာခဲ့သည်။ ထို့အပြင် ပထမပြန်စာမေးပွဲ အကြီး၊ အလတ်၊ အငယ်တန်းအထိ အောင်မြင်သည့် စာသင်သားများလည်း နှစ်စဉ်တိုးလာခဲ့သည်။

“ရွာမှာခရစ်ယာန်ရော ဗုဒ္ဓရောရှိတယ်။ ဦးဇင်က ဘာသာမခွဲခြားဘူး။ ဘုရားသုံးဆူမြို့အထိ ကျောင်းသားတွေကို ကြိုပို့ လုပ်ပေးတယ်။ ပရိယတ္တိဘက်မှာလည်း ၄ နှစ်အတွင်းမှာ စာသင်ပို့ချမှု တစ်ခါမှမပျက်ကွက်ဘူး။ စာဝါစာအံတို့ ပျက်ကွက်တာမရှိဘူး။ ကျောင်းကြီးဗုံးကြဲခံရတော့ စိတ်ထဲမကောင်းဘူးပေါ့လေ။”ဟု ဆရာတော်က မိန့်ကြားသည်။

စစ်ကောင်စီက မက္ကသာကျောင်းတော်ကြီးအား လာရောက်ဗုံးကြဲချခဲ့သည့်အပေါ် သက်ဆိုင်ရာမြို့နယ်ရှိ သာသ နာရေး ဦးစီးဌာနမှ ကျောင်းတော်၏ ဆောက်လုပ်ခဲ့သည့် ကုန်ကျမှုသာ မေးမြန်းခဲ့သည်ဟု ကျောင်းဒကာ ဒကာမများထံမှ သိရသည်။ သာသနာ့ရောင်ဝါထွန်းလင်းခဲ့သည့် မက္ကသာမြေသည် ယခုတော့ တရားရွတ်ဆိုသံများ ဆိတ်သုဉ်း ပျောက်ကွယ်လေပြီး ဖြစ်သည်။

သာသနာ့ဝန်ထမ်းရွက်ခဲ့ကြသည့် ဘုရားသားတော်များသည်လည်း အခြားအရပ်ဌာနေသို့ စစ်ဘေးတိမ်း ရှောင်နေ ခဲ့ကြရသည်။ သာသနာပြုသရုပ်ပြနေသည့် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် ရဟန်းရှင် အချို့နှင့် ၎င်းနှင့်ရင်းနှီးဆက်နွယ်နေသည့် လူပုဂ္ဂိုလ်များအား သာသနာ့တော်ဘွဲ့တံဆိပ်ချီးမြှင့်သည့်ပုံများ မကြာခဏ ဖော်ပြလေ့ရှိသော်လည်း အခြားတစ်ဖက်တွင်မူ တိုင်းရင်းသားနယ်မြေရှိ ဌာနေလူထုတို့၏ ယုံကြည်သက် ဝင်ထားကြသည့် ဘာသာတရားအသီးသီးတို့၏ ဒဿနိကအဆောက်အဦးများအား မကြာခဏ လာရောက်ဗုံးကြဲချ လေရှိသည်။

၎င်း၏အာဏာတည်မြဲရေးအတွက် ဘုရားသားတော်များအား သင်းကွဲခွဲစေသည့် ၎င်း၏ ပြုမှုဆောင်ရွက်ချက်များသည် ဗုဒ္ဓတရားတော်အရ ပဉ္စာနန္တရိယကံအား မျက်ဝါးထင်ထင် ကျူးလွန်နေ လျက်ရှိသည်။

ခရစ်ယာန်တို့၏ ဓမ္မကျမ်းစာအရသည်လည်း ဘုရားသခင်၏ ဗိမ္မာန်တော်အား ဖျက်ဆီးသူတို့သည် ဘုရားက ထိုသူအား ဖျက်ဆီးတော် မူလိမ့်မည်ဟု ကျမ်းစာတွင် ဖော်ပြထားသည်။ ဗုဒ္ဓတရားတော်အရ ပဉ္စာနန္တရိယကံ ကျုးလွန်သူတို့သည် အဝီစိငရဲသို့ တစ်နေ့မလွှဲဧကန်ရောက်မည်ဟု မိန့်ဆိုထားလေသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလအထိ ၂နှစ်တာအတွင်း မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီ ၏လေကြောင်းတိုက်ခိုက်မှုမှာ ရက်ပေါင်း၂၅၀ ခန့်ရှိပြီးအရပ်သား ၅၀၀ကျော်ထိခိုက်သေဆုံးကာ ၅၀,၀၀၀ကျော် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကို အာဏာမသိမ်းခင်ကတည်းက ကေအဲန်ယူနယ်မြေ တပ်မဟာ၅ မူရော်ခရိုင်တွင် ကြုံတွေ့ခဲ့ရသည်။ ယခုကေအဲန်ယူ တပ်မဟာ ၆ ဒူးပလာခရိုင်တွင်ပါ လေကြောင်းမှ ဗုံးကြဲမှု များကြုံလာရခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လေတပ်တွင် ရဟတ်ယာဉ် ၇၅စီး လေယာဉ်အစီး ၈၀ခန့်ရှိသည်ဟု သိရပြီး ပြည်သူဘဏ္ဍာငွေနှင့် ဝယ်ယူထားသော တိုက်လေယာဉ် ရဟတ်ယာဉ်များနှင့် စက်နက်ပစ္စည်းများသည် ပြည်သူကို ပြန်လည်ဖိနှိပ်ရာတွင် အသုံးပြုနေခြင်းကို နိုင်ငံတကာ အကြိမ်ကြိမ်ဆန့်ကျင် ကွက်နေခဲ့သည်။

မက္ကသာသာသနာ့မြေ၏ ဓမ္မရက္ခိတပရိယတ္တိစာသင် တိုက်ကြီးကို မတော်တဆ မရည်ရွယ်ဘဲ ဗုံးကြဲမိသည့်ဖြစ် အနိမ့်ဆုံးတော့ ဝန်ချတောင်းပန်မှုဖြစ်ဖြစ် တာဝန်ခံမူတာဝန်ယူမှု ရှိရန်လိုအပ်ပေသည်။ မည်သို့ပင်ဖြစ် စေကာမူ လက်နက်အားကိုးဖြင့် အာဏာရယူ အုပ်ချုပ်နေသည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပါအဝင် အလွန်အကျွံအင်အားသုံးတိုက်ခိုက်နေသည့် တာဝန်မဲ့လုပ်ရပ်အပေါ် ဆရာတော်ဦးသိရိန္ဒက အောက်ပါအတိုင်းမိန့်ကြားပါသည်။

“ရန်သူမျိုး ၅ ပါးထဲမှာ အုပ်ချုပ်မင်းလုပ်သူ မကောင်းရင် ကိုယ့်နိုင်ငံပြည်သူပဲ ထိခိုက်နစ်နာမှာပေါ့နော်။ တရားထဲမှာရှိပြီးသားပါ။ မင်းမကောင်းရင် ရန်သူဖြစ်သွားတယ်။ တရားနဲ့ပဲဖြေသိမ့်ပါတယ်” ဟု ဆရာတော်ဦးသိရိန္ဒက မိန့်ဆိုသည်။