မတ်လ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခမရ−၂ တပ်ရင်း၏ တပ်ကြပ်ကြီးကျော်ဆန်း (လက်နက်ကြီး တာဝန်ခံ)ကို ဧပြီလ ၅ ရက် နံနက် ၆နာရီခွဲအချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု (Kyaikhto Revolution Force) ကျိုက်ထိုတော်လှန်ရေးအင်အားစုက ယနေ့ (ဧပြီ ၆ရက်)သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လက်နက်ကြီးတာဝန်ခံ တပ်ကြပ်ကြီးကျော်ဆန်းသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု- KRF က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်သည့်နေရာမှာပင် သေဆုံးခဲ့သည်ဟု ကျိုက်ထို တော်လှန်ရေးအင်အားစု KRF၏ ရဲဘော်တစ်ဦးက ယခုလိုပြောသည်။
“အဓိကက စကစအတွက် လက်ရှိတာဝန်ထမ်းဆောင်နေပြီး အပြစ်မဲ့ပြည် သူတွေရှိနေတဲ့ရွာတွေကို လက်နက်ကြီးပစ်ဖို့ တာဝန်ခံယူထားတဲ့အတွက် စစ်ရေး ပစ်မှတ်အဖြစ်သတ်မှတ်ပြီး ရှင်းလင်းရခြင်းဖြစ်ပါတယ်”ဟုပြောသည်။
ထို့နောက် မွန်ပြည်နယ် ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်၏ တပ်မ ၄၄လက်အောက်ခံ ခမရ−၂ ၌ တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးကျော်ဆန်းကို ပစ်သတ်ခဲ့ပြီးသည့်နောက် ၎င်းနှင့်အတူပါလာသည့် လက်ထိပ်၊ လက်ပစ်ဗုံး၊ ဆိုင်ကယ်၊ ဖုန်းတို့သိမ်းဆည်းရမိခဲ့ကြောင်း KRFက ဖော်ပြထားသည်။
၎င်းအပြင် ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်၏ တပ်မ ၄၄လက်အောက်ခံ ခမရ−၂ တပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးကျော်ဆန်းပစ်သတ်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်ဘက်မှ အနီးအနားကျေးရွာများထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF၏ ရဲဘော်တစ်ဦးက ကေအိုင်စီသို့ ဆက်ပြောသည်။
“လက်နက်ကြီးပစ်နေတာတော့ နေ့တိုင်းလိုလိုပဲပစ်နေတာပဲ။ ကျော်ဆန်းသတ်ခံရပြီးတော့ သူတို့အနီးအနားက ရွာတွေကိုလက်နက်ကြီးထုသေးတယ်။ လက်ရှိမှာလည်း ပစ်ခတ်နေ တယ်”ဟု ယနေ့ နေ့လည်တွင် ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ရေးစသည့်မြို့နယ်ထဲမှ ကျေးရွာများထဲတွင် နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိပြီး အဆိုပါမြို့နယ်တွင် စစ်ကောင်စီတပ်များက လုံခြုံရေး တင်းကြပ်ထားမှုများရှိနေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တပ်မ ၄၄ ၊ ခမရ−၂ တပ်ရင်း၏ လက်နက်ကြီးတာဝန်ခံ တပ်ကြပ်ကြီး ကျော်ဆန်းပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာခြင်းမရှိသေးပေ။



















