Home သတင်း အမျိုးသားရေးသီချင်းများ ရေးစပ်သီဆိုသူ ဆရာစောလပေါ်အွာ (ခ) စောဝင်းစိုး မိမိကိုယ်ကို အဆုံးစီရင်ခဲ့

အမျိုးသားရေးသီချင်းများ ရေးစပ်သီဆိုသူ ဆရာစောလပေါ်အွာ (ခ) စောဝင်းစိုး မိမိကိုယ်ကို အဆုံးစီရင်ခဲ့

880
Photo: sawwinsoe

မတ်လ ၂၄ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်လူမျိုးတို့၏ အမျိုးသားရေး လက္ခဏာ၊ ဓလေ့ထုံးတမ်းယဉ်ကျေးမှုသမိုင်းအကြောင်းအရာများကို အရှေ့ပိုးကရင်ဘာသာဖြင့် သီချင်းရေးစပ်သီဆိုသူ ဆရာစောလပေါ်အွာ (ခ) စောဝင်းစိုးသည် ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင် ၎င်း၏နေအိမ်၌ မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့သည်ဟု ကရင် အနုပညာရှင်များထံမှ သိရသည်။

ကရင်ယဉ်ကျေးမှု အနုပညာအစည်းအရုံး-KCO နာယကတစ်ဦးဖြစ်သူ ဆရာစောဝင်းစိုး အသက် ၅၇ နှစ်သည် မတ်လ ၂၃ ရက်နေ့၊ နံနက် ၁ဝ နာရီဝန်းကျင်အချိန်တွင် ၎င်းနေထိုင်သည့် ဖားအံမြို့ရှိနေအိမ်၌ မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားပြီး သားဖြစ်သူ စောဆန်းမင်းဦး အသက် ၂၈ နှစ်ပါ ၎င်း၏ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

တေးရေး/တေးဆို စောကေဖိုးခွားက “ ဆရာက လက်ချည်ပွဲသီချင်းတွေ အခြားကရင်အမျိုးသား ရေးအ ကြောင်းတွေနဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုတွေကို သီချင်းရေးစပ်တယ်။ ဆိုလည်းဆိုတယ်။ ဗဟုသုတ စာပေလည်း ရေးတယ်။ သူခုလို လုပ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူးပေါ့နော်။ သူဆုံးသွားတာက ကရင် အနုပညာလောက ဆုံးရှုံးမှုတစ်ခုပါပဲ”ဟု ယနေ့ မတ်လ ၂၄ ရက်တွင် ကေအိုင်စီ သို့ပြောသည်။

Photo: sawwinsoe

ဆရာစောလပေါ်အွာ(ခ) စောဝင်းစိုးသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ ကျန်းမာရေး အခြေအနေကြောင့် အွန်လိုင်းကို အကန့်အသတ်မရှိ ရပ်နားထားပါတယ်” ဟု နောက်ဆုံး ရေးသားခဲ့သည်။ ထို့အပြင် မူးယစ်ဆေးစွဲနေသည်ဟု ပြောဆိုကြ သည့် ၎င်း၏သားအပြုအမူများကြောင့်သည်လည်း စိတ်ခံစားမှုများ နှစ်ရှည်ဖြစ်ပွားခဲ့ပြီးနောက် ယခုလို မိမိကိုယ်ကို အဆုံးစီရင်သွားသည့်အထိ ဖြစ်နိုင်သည်ဟု ၎င်းနှင့်နီးစပ်သည့် အသိမိတ်ဆွေများထံမှ သိရသည်။

စောလပေါ်အွာ နှင့် သားစောဆန်းမင်းဦးတို့အား ယနေ့ မတ်လ ၂၄ ရက်နေ့ မွန်းလွဲအချိန်တွင် ဖားအံပြည်သူ့ဆေးရုံမှ ထန်းကိုးပင်သုဿာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမည်ဟု နာရေးဖိတ်စာတွင် ဖော်ပြထားသည်။ သူသေဆုံးချိန်တွင် ဇနီးဖြစ်သူနှင့် သားတစ်ဦး၊ သမီးတစ်ဦးကျန်ရစ်ခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။