Home သတင်း စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေဆုံးခဲ့

စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေဆုံးခဲ့

752
Photo: Crd.

မတ်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ−ကရင်မျိုးသားအစည်အရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန်နှင့်လူနာသယ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOFနှင့် နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း SOF က ယနေ့ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်မှစ၍ ၂၁ ရက်နေ့အထိ စစ်ကောင်စီတပ်များနှင့် KNLA တပ်ဖွဲ့၊ SOF တပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များ ထိအကြား တွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့သလို M-A1 သေနတ် ၃ လက်၊ MA2 (စက်ကလေး)တစ်လက် စုစု ပေါင်း ၄ လက်ကို သိမ်းဆည်းရမိခဲ့သည်ဟု SOF က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “တိုက်ပွဲက မတ်လ ၁၀ ရက်နေ့ လောက်ကတည်းကစပြီးတော့ဖြစ်တာပေါ့။ အဲ့မှာတော့ ထိတွေ့တိုက်ပွဲမဟုတ်ဘဲ သူတို့ရဲ့စစ်ကြောင်းကိုပစ်တာ ကျနော်တို့ရဲ့စနိုက်ပါကြောင့် သူတို့ရဲ့တပ်ရင်းမှူးနဲ့ တပ်သား ၃ ယောက်ဒဏ်ရာအသင့်အတင့်ရတယ်။ အဲ့မှာ သူတို့ပြန်ဆုတ်သွားတယ်။ ၂၂ ရက်နေ့ထိ ၁၂ ရက်လောက်ထိကြာသွားတယ်။ အခြားထိခိုက်မှုကတော့ အဲ့ဒီဒု တပ်ရင်းမှူးအပါအဝင် ၁၀ ဦးကျဆုံးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: Crd.

တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလအတွင်း စစ်ကောင်စီတပ်ဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ်၊ MI-35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ်ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာများထဲသို့ ထိမှန်ကာ နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံရွာသားတစ်ချို့လည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း SOF က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ် ခမရ ၅၆၁၊ ခမရ ၄၃၂ တပ်များသည် တောင်ကလေးကျေးရွာအုပ်စု ကွီလုံတိုင်ရွာသစ်အနီးတွင် တပ်စွဲထားလျက်ရှိပြီး အနီးအနားကျေးရွာများထဲရှိ ကျွဲ၊ နွားများကိုယူဆောင်ခြင်း၊ ရိက္ခာနှင့်ငွေကြေးများကို ဝင်ရောက်သိမ်းဆည်းခြင်း၊ အရပ်သားပြည်သူများကို ဖမ်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ကိုလည်း ပြုလုပ်လျက်ရှိနေကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ခန့်သေဆုံးမှုနှင့်ပတ်သက်ပြီး နယ်မြေခံတော်လှန်ရေး အဖွဲ့အစည်းများက လူမှုစာမျက်နှာပေါ်တွင် သတင်းထုတ်ပြန်ထားခဲ့သော်လည်း စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။