Home သတင်း လှိုင်းဘွဲ ရွှေဂွန်းအနီးအနားတွင် လေယာဥ်နိမ့်စွာပျံသန်းသောကြောင့် ဒေသခံပြည်သူများကြောက်လန့်

လှိုင်းဘွဲ ရွှေဂွန်းအနီးအနားတွင် လေယာဥ်နိမ့်စွာပျံသန်းသောကြောင့် ဒေသခံပြည်သူများကြောက်လန့်

668
Photo: CJ

မတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းစံပြကျေးရွာအနီးအနားတွင် ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာသုံး ဟက်စကီးတစ်စင်း နေ့လည် ၁၂ နာရီနှင့် ၁ နာရီကြားတွင် နိမ့်စွာ လှည့်ပတ်ပျံသန်းနေသောကြောင့် စိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “နေ့လည်ပိုင်း က ကျမကအိမ်ထဲမှာနေ နေတာ လေယာဥ်သံကတော်တော် ကျယ်လာပြီးတော့ အိမ်ပါတုန်သလိုဖြစ်တယ်။ အဲမှာ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ လေယာဥ်ကတော်တော်နိမ့်တယ်။ စိတ်ထင်ဗုံးကြဲတော့မလား၊ ဘာဖြစ်တော့မလဲပေါ့။ တခြားဒေသမှာလည်း ဗုံးကြဲခံရတော့ ကြောက်လန့်မိတယ်” ဟု ကေအိုင်စီသိုပြောသည်။

ယခင်နှစ် အောက်တိုဘာလမှစ၍ စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာသုံး လေယာဥ်များသည် ကရင်ပြည်နယ် မြို့များဖြစ်သည့် ဖားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် လှိုင်းဘွဲတို့တွင် တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်ခန့် ပျံသန်းလျက်ရှိနေကြောင်း မြို့တွင်းနေထိုင်သူများက ပြောဆိုကြသည်။

မတ်လ ၂၁ ရက်နေ့က လေယာဉ်ပျံသန်းလာမှုနှင့်ပတ်သက်၍ အမည်မဖော်လိုသူ ဆိုင်ကယ်ကယ်ရီ သမားတစ်ဦးကလည်း “ကျနော်ကရွှေဂွန်းလမ်းမှာ ဆိုင်ကယ်မောင်းနေတာ အနောက် ကလေယာဥ်ပျံ နိမ့်နိမ့်လေးပျံလာတော့ ကျနော်အရမ်းလန့်သွားတယ်။ နောက်ပြီးတော့ စစ်လေယာဥ်ကို အနီးကပ်တစ် ခါမှမမြင်ဖူးဘူး။ အခုလို မြင်လိုက်တော့ အရမ်းကြောက်သွားတယ်။ အရမ်းလန့်သွားတယ်။ တစ်ခါတည်း ပြေးရတော့မယ်လို့ ထင်ခဲ့တာ”ဟု ပြောသည်။

တိုက်ပွဲများမရှိသည့် KNU-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ တပ်မဟာ ၇ နယ်မြေတွင် စစ် ကောင်စီ၏ စစ်လေယာဥ်များ၊ ကင်းထောက်လေယာဥ်များ၊ Drone ယာဉ်များ အခေါက်များစွာ ပျံသန်းနေခြင်းမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ အခြေအနေကို ထောက်လှန်းခြင်း၊ ကင်းထောက်နေခြင်းများ ပိုပြုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူကဲ့သို့ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၈)ရက် တစ်ရက်အ တွင်း စစ်ကောင်စီ၏ လေကြောင်းပျံဝဲမှု လေးကြိမ်ထက်မနည်းလုပ်ဆောင်သောကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်ပြီး နေရပ်စွန့်ခွာထွက်ပြေးရသည့် ဖြစ်စဉ်မျိုးဖြစ်ပွားခဲ့သေးသည်။