Home သတင်း ပီလောပီနံဥ စျေးကောင်းရသည့်အတွက် သီးနှံအစားထိုးစိုက်ပျိုးမှု ပိုများလာနေ

ပီလောပီနံဥ စျေးကောင်းရသည့်အတွက် သီးနှံအစားထိုးစိုက်ပျိုးမှု ပိုများလာနေ

814
Photo: kyawthura

မတ်လ ၂၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

ကရင်ပြည်နယ်တွင် လက်ရှိ ပီလောပီနံဥစျေးနှုန်းနှစ်ဆနီးပါးမြင့်တက်လာသည့်အတွက် ဥယျာဉ်ခြံနှင့် လယ်ယာကိုင်းကျွန်းများအတွင်း အစားထိုးစိုက်ပျိုးလာမှု ပိုများလာသည်ဟု စိုက်ပျိုးတောင်သူများထံမှ သိရသည်။

နေအခြောက်လှန်းထားသည့် ပီလောပီနံဥတစ်တန်လျှင် ကျပ် ၅ဝဝ,ဝဝဝ (ငါးသိန်း)ကျော်အထိ စျေးနှုန်း ရှိပြီး ၁ ပိဿာလျှင် ပြည်တွင်းဝယ်စျေး ၉ဝဝ ကျပ်နှင့် အပင်ကိုင်းခြောက်တစ်ကိုင်းလျှင် ကျပ် ၂ဝဝ ကျော်အထိ စျေးကောင်းရနေသည့်အတွက် အစားထိုးစိုက်ပျိုးလာမှု ယခင်နှစ်ထက် ၁ဝ ဆနီးပါး ရှိလာသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ အဝယ်ဒိုင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ ပီလောပီနံစျေးကောင်းရတော့ လယ်ယာမြေ၊ ကိုင်းကျွန်း၊ နှမ်းစိုက်တဲ့နေရာမှာရော ရာဘာခြံတွေမှာရော လူနေအိမ်ခြံက မြေလွတ်တွေပါမကျန် အစားထိုးစိုက်ပျိုးလာကြတယ်။ တစ်ချို့ဥ ယျာဉ်ခြံတွေ တောင်ယာတွေမှာလည်း အစားထိုးစိုက်လာကြတယ်။ ကုန်ကျစရိတ်နည်းနည်းနဲ့ အမြတ်ပို ရကြတော့ အရင်နှစ်တွေထက် ၁ဝ ဆနီးပါးစိုက်လာကြတယ်” ဟု ပြောသည်။

ကရင်ပြည်နယ်အနေဖြင့် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ ကျိုက်ဒုံနှင့် ဘုရားသုံးဆူ စသည့် မြို့နယ်များရှိ ကျေးရွာများတွင် ရွာလုံးကျွတ်နီးပါး ပီလောပီနံအစားထိုးစိုက်ပျိုးကြပြီး မွန်ပြည်နယ် မုဒုံ၊ မော်လမြိုင်ပွဲရုံများနှင့် မြဝတီနယ်စပ်တို့တွင် အများဆုံးတင်ပို့ရောင်းချလျက်ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။

ဘုရားသုံးဆူဒေသမှ တောင်သူတစ်ဦးက “အရင်နှစ်က တစ်တန်ကို ၂၅ဝ,ဝဝဝ (နှစ်သိန်းငါးသောင်း) ကျပ်လောက်ပဲ စျေးရတယ်။ ထိုင်းဘက်မှာတော့ ၁ ကီလို ၃ ဘတ်ခွဲကနေ အခုဒီနှစ်က ၆ ဘတ်ခွဲ စျေးရှိတော့ စျေးထက်ဝက်တက်သွားတယ်။ တပို့တွဲ(ဖေဖော်ဝါရီလ)၊ တပေါင်း(မတ်လ)မှာ ဥတူးတဲ့ရာသီကာလပေါ့နော်။ ဒီနှစ်က ကိုင်းမျိုးတွေအများကြီး မှာဝယ်လာကြတယ်” ကေအိုင်စီသို့ပြောသည်။

Photo: kyawthura

ပီလောပီနံပင်သည် စိုက်ပျိုးပြီး ၈ လ သက်တမ်းအကြာတွင် ဥတူးယူနိုင်ကြပြီး ရေဝပ်သည့်ဧရိယာနှင့် အရိပ်ရသည့်နေရာမှလွှဲ၍ အခြားမြေအမျိုးအစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်ဟု တောင်သူများထံမှ သိရသည်။ ပီလောပီနံဥများကို တရုတ်နှင့်ထိုင်းနိုင်ငံတို့တွင် ကုန်ကြမ်းအဖြစ် အများဆုံးတင်ပို့ကြပြီး စားသုံးကုန်ုလုပ်ငန်း၊ ကြက်၊ ဝက်၊ ငါးအစာနှင့် အခြားတိရစ္ဆာန်အစားအစာများအဖြစ် ကုန်ချောပြန် လည်ထုတ်လုပ်ကြသည်ဟု အဝယ်ဒိုင်များထံမှ သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်ရာသီဥတုအခြေအနေနှင့် အခြားသီးနှံများအစားထိုးပြောင်းလဲစိုက်ပျိုးလာ မှုကြောင့် ပီလောပီနံဥထုတ်လုပ်နိုင်မှုပမာဏနည်းလာပြီး တန်ပေါင်း ၆ သန်းမျှ ပြည်တွင်း လိုအပ်နေ လျက်ရှိသည့်အတွက် မြန်မာနိုင်ငံရှိ ပီလောပီနံဥများကို ဝယ်ယူနေရလျက်ရှိသည့်အတွက် ယခုနှစ်ပြည် တွင်းစျေးနှုန်းတိုးလာခြင်းဖြစ်သည်ဟုလည်း အဝယ်ဒိုင်နှင့် ကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည် နယ် တောင်ပိုင်းဒေသများတွင် ပီလောပီနံစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးစိုက်ပျိုးဧကပေါင်း ၁ သိန်းကျော် ဟတ်တာ ၄ဝ,ဝဝဝ ကျော်အထိ ရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။