Home သတင်း ရေးမြို့နယ်အတွင်းသို့ စစ်ကောင်စီမှ စစ်သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းလာ

ရေးမြို့နယ်အတွင်းသို့ စစ်ကောင်စီမှ စစ်သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းလာ

583
Photo: Crd.

မတ်လ( ၂၁) ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က စစ်သင်္ဘော ၂ စီးဖြင့် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း ရေး(YGF)ပြောက်ကျားတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ပြောသည်။

စစ်ကောင်စီတပ်များနှင့် နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိနေသော ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေစိုက်ရာ တပ်စခန်းနေရာများသို့ စစ်သင်္ဘောနှင့်ပါလာသည့် စစ်တပ်အင်အား ၅၀၀ ခန့် အင်အား ဖြည့်တင်း ဖြန့်ကျက်လျက်ရှိနေသည်ဟု ရေး(YGF)ပြောက်ကျား တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ယခုလိုပြောသည်။

“၁၇ ရက်နေ့ကစပြီး စစ်သင်္ဘောနှစ်စီးနဲ့ဖြည့်တင်းလာတယ်။ ဖြည့်ပြီးတော့ တခြားမြို့ကိုသွားဖြည့်တာမျိုး တော့မကြား ရသေးဘူး။ လောလောဆယ်ရေးမြို့မှာပဲရှိသေးတယ်။ ထားဝယ်ဘက်တစ်ဝက်ပို့ မယ်လို့တော့ကြားတယ်။ အင်အားက ၅၀၀ လောက်ရှိတယ်။ ပြီးတော့တချို့တပ်တွေမှာဆိုရင် သေနတ်ပစ်လေ့ကျင့်နေတာမျိုးတွေရှိတယ်။ သင်္ဘောထဲက လူတွေကို ရေးမြို့နယ်က တပ်တွေမှာ အင်အားလိုက်ဖြန့်ထားတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့များက စစ်သင်္ဘောများဖြင့် စစ်အင်အားဖြည့်တင်းမှုများပြုလုပ်နေသောကြောင့် ဒေသတွင်း တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး ကျေးရွာမီးရှို့ခံရမှုများဖြစ်ပေါ်လာမည်ကို ၎င်းရေးမြို့နယ်အတွင်းရှိ ကျေးရွာနေ ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံရွာ သားတစ်ဦးက ပြောသည်။

၎င်းက “ရွာထဲမှာက မိုင်းတွေလည်းထောင်ထားတယ်။ အခုသင်္ဘောနဲ့ အင်အားဖြည့်လာတော့ ကျနော်တို့ ဘယ်မှ သွား မရဲတော့ဘူး။ နေရာတိုင်းမှာက စစ်တပ်ကဝင်ရင် အိမ်တွေကို အကုန်မီးရှို့နေတော့ ဒီမှာနေရတာလည်း စိတ်ပူနေရတယ်”ဟု ပြောသည်။

ထို့အပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကြိုးတံတားကျေးရွာ တောင်ယာခြံမြေများထဲတွင် စစ်ကောင်စီတပ်က ဇန်နဝါရီလပိုင်းမှစ၍ မြေမြှုပ်မိုင်းများထောင်ထားလျက်ရှိနေသောကြောင့် တောင်ယာ လုပ်ကိုင်သူများအနေဖြင့် လုပ်ကိုင်စားသောက်ရန် အခက်တွေ့နေကြရကြောင်းလည်း ဒေသခံ ရွာသားများထံမှ သိရသည်။

ထိုဖြစ်စဉ်နှင့်အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွန်ပြည်နယ် ရေးမြို့ရှိ စစ်ဆေးရေးဂိတ်များနှင့် တံတားများတွင်လည်း ယခင်ကထက်ပို၍ စစ်အင်အားတိုးမြှင့်လုပ်ဆောင်လျက်ရှိနေကြောင်း နယ်မြေခံတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ပြောဆိုသည်။