Home သတင်း ပုလောတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များကို ထပ်မံတိုးချဲ့ခြင်းများလုပ်ဆောင် လျက်ရှိ

ပုလောတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များကို ထပ်မံတိုးချဲ့ခြင်းများလုပ်ဆောင် လျက်ရှိ

500
Photo: CJ

မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီသည် မြို့တွင်းမြို့ပြင် စစ်ဆေးရေးဂိတ်များကို တိုးချဲ့ပြီး စစ်ဆေးလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပုလောမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား မကြာခဏ တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီး ယခုမတ်လအတွင်း စစ်ဆေးရေးဂိတ်များကို ပိုမိုတိုးချဲ့ချထားကာ ယခင် ကထက် တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ လုပ်ဆောင်လာနေကြောင်း အမည်မဖော်လိုသူ ပုလောမြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“ပုလောမြို့နဲနီးတဲ့ဂိတ် ပုလောတံတားဂိတ် ၆ ယောက်။ အမှတ် ၄ ကျောက်စုဂိတ် ၃၀ (ယောက်)။ မကျည်းကုန်းဂိတ် ၁၀ ယောက်။ နန်းတောင်ဂိတ် ၂၅(ယောက်)။ ပလနဲ့နီးတဲ့ဂိတ်က ပလမြို့ထဲမှာ လည်း ဂိတ်ချထားတယ်။ ပလမြို့ထဲအင်အား ၈၀ လောက်ရှိတယ်။ ပလောက်ဖက်ဆို ပလောက် တံတားဂိတ် ထမင်းမစားဂိတ် ၄၀ (ယောက်)။ တပ်ရင်းတွေမပါသေးဘူး၊ ရဲစခန်းမှာ လုံခြုံရေး ၃၀ (ယောက်) မြို့ထဲကင်းလှည့်နေတာတွေရှိသေးတယ်ဗျ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

၎င်းစစ်ဆေးမှုများအပြင် ညအချိန်တွင်လည်း အရပ်ဝတ်များဖြင့် သေနတ်ကိုင်ဆောင်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်းစစ်သည့် ပုံစံမျိုးဖြင့် လိုက်လံစစ်ဆေးမှုများပြုလုပ်နေသောကြောင့် ပြည်သူ များအနေဖြင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ကြုံတွေ့နေကြရကြောင်းလည်း ဒေသခံများက ပြောသည်။

နောက်ထပ် ပုလောဒေသခံတစ်ဦးက “ညကျရင်သေနတ်ကိုင်ပြီး အိမ်တွေကိုလိုက်စစ်တယ်။ ကင်းလှည့် တာတွေ ရှိနေတုန်းပဲ။ အဲ့လိုတွေ လုပ်တော့ ညညဆို အိပ်ဖို့တောင် အဆင်မပြေတော့ဘူး။ သူတို့ကို ပိုပို ကြောက်လာအောင် လုပ်နေသလိုပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် စက်သုံးဆီသယ်ဆောင်မှုတားမြစ်ခြင်း၊ ဆီဆိုင်များကိုလည်း ရောင်းဝယ်ခွင့်မပေးသည့်အပြင် ဒေသခံ ပြည်သူများ ဆန်နှင့် အခြားစားသုံးကုန်(ရိက္ခာ)များ ဝယ်ယူသယ်ဆောင် ခြင်းကိုလည်း ဖေဖော် ဝါရီလမှစ၍ ပိတ်ပင်တားမြစ်မှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်လျက်ရှိနေကြောင်း ပုလောဒေသခံများက ပြောသည်။

စစ်အုပ်ချုပ်ရေးဖြစ်နေသည့် ပုလောမြို့တွင်လည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမများနှင့် အရပ်သားတချို့ကို ၎င်းတို့၏ နေအိမ်အတွင်းသို့ အကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။