Home သတင်း တပ်မမှူးနေအိမ်နှင့် တပ်မဌာနချုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုလုပ်ဆောင်

တပ်မမှူးနေအိမ်နှင့် တပ်မဌာနချုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုလုပ်ဆောင်

690

မတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေစိုက် အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ်ရှိ တပ်မမှူးနေအိမ်နှင့် တပ်မဌာနချုပ်ရုံးကို ယနေ့ မတ်လ ၂၁ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်များက အနီးအနားရှိ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လျက်ရှိနေကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ပြောသည်။

အဆိုပါ ဌာနချုပ်ရှိ တပ်မမှူးနေအိမ်နှင့် တပ်မဌာနချုပ်ရုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သထုံမြို့နယ် ပြည်သူ့တော်လှန်ရေးအင် အားစု(TPDF Drone Unit)အဖွဲ့များပူးပေါင်းကာ Drone ဖြင့် ကြဲချခဲ့ကြောင်း KRF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “အခြေအနေကတော့ ဌာနချုပ်ရုံးနဲ့တပ်မမှူးအိမ်ကို ထိမှန်မှုရှိနိုင်ပါတယ်။ သူတို့ဘက်ကတော့ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာတွေရှိတယ်။ အနီးအနားက ရွာတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ သူတို့ကတော့ အမြဲလိုလိုရွာတွေထဲပစ်နေတာပါ။ ဘယ်နေရာတွေက ပြန်လည်ပစ်ခတ်ခဲ့တာလဲတော့ အတိအကျ မပြောနိုင်ဘူး။ သူတို့လက်နက်အထိုင်ထားတဲ့နေရာတွေ တော်တော်များများရှိတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ စစ်ကောင်စီဂိတ်စခန်းဖြစ်သော သံတံတား ဂိတ်ကို KNLA၊ KRF အဖွဲ့၊ PDF၊ TPDF Drone Unit တို့ပူးပေါင်းကာ Drone ဖြင့်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“အဲဒီဂိတ်ကတော့ စကစ အဖွဲ့တွေ အမြဲတမ်းရှိနေတဲ့နေရာလို့ ပြောလို့ရပါတယ်။ သူတို့အနေနဲ့ အသွားအလာ စစ်ဆေးမှု တွေလုပ်ပါတယ်။ သေနတ်ပစ်ဖောက်တာမျိုးတွေလည်း အမြဲလိုလိုလုပ်ပါတယ်။ အခုလောလော ဆယ်တော့ သူတို့အင်အား ထပ်တိုးမတိုး မသိရသေဘူး။ ကျနော်တို့ဘက်က သွားရောက်ပစ်ခတ်ခဲ့ချိန်မျာ အင်အား ၁၅ ဦးခန့်ရှိပါတယ်”ဟု ထိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ် အမှတ် ၄၄ ဌာနချုပ်ရှိ တပ်မမှူးနေအိမ်၊ တပ်မဌာနချုပ်ရုံးနှင့် စစ်ကောင်စီ ဂိတ်စခန်းတို့ တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာ မတွေ့ရှိရသေးပေ။

အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ထားချက်အရ သိရသည်။