Home သတင်း ဒုံရင်းမြို့နယ်ရှိ ကျောင်းသားလူငယ်များအား KYO က နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ပေး

ဒုံရင်းမြို့နယ်ရှိ ကျောင်းသားလူငယ်များအား KYO က နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ပေး

623
Photo: KYO

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ဒုံရင်းမြို့နယ်ရှိ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်လေလွှင့်မှုမရှိဘဲ အသိပညာ၊ အတတ်ပညာများတတ်မြောက်စေရန် ရည်ရွယ်ပြီး မြို့နယ် ကရင်လူငယ်အစည်းအရုံး (KYO) ဦးဆောင်၍ မတ်လ ၈ ရက်မှစတင်ကာ နွေရာသီ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ပေးနေကြောင်း KYOက ပြောသည်။

ဒုံရင်းမြို့နယ် KYO ဥက္ကဌ စောဆိုပိုင်က “လူငယ်များအနာဂတ်မှာ ပညာတတ်ဖြစ်‌ဖို့ အရေးကြီးတယ်။ တစ်နေ့ ကျရင်ဒီလူငယ်တွေပဲ ခေါင်းဆောင်ဖြစ်လာမယ်ဆိုတော့ ပညာပိုမိုတတ်ဖို့ သင်တန်းပေးတယ်။ နောက်ပြီး ကျောင်း ပိတ်တဲ့အချိန်မှာ ကလေးတွေ အချိန်အလေလွင့်မရှိဖို့ သူတို့ရဲ့အချိန်ပိုတွေ အကျိုးရှိဖို့အတွက်‌ပေါ့။ သူတို့ အတွက် ကော၊ လူမျိုးအတွက်ကော ခေါင်းဆောင်တတ်ဖို့ရည်ရွယ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၃ လကြာဖွင့်လှစ်မည့် ယခုသင်တန်းတွင် အသက် ၉ နှစ်မှ ၂၀ နှစ်အရွယ်ကျောင်းသားလူငယ် ၇၀ ဦးကျော်တက်ရောက်ခဲ့ကြပြီး အင်္ဂလိပ်စာအပြင် ကွန်ပျူတာ၊ ကရင်စာပေ(ပိုးကရင်၊ စကောကရင်)နှင့် ယဉ်ကျေးမှုများသင်ကြား‌ပေးသည်ဟု KYO က ပြောသည်။

ဒုံရင်း KYO အနေဖြင့် ၄ ကြိမ်မြောက်အဖြစ် ဖွင့်လှစ်သည့် ယခုနွေရာသီအင်္ဂလိပ်စာသင်တန်းကို ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးဖားအံခရိုင်၊ KYO(ဗဟို)၊ ဖားအံခရိုင် KYO နှင့် ဒေသခံဘာသာရေးခေါင်းဆောင်များကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်ဟု သိရသည်။

Photo: KYO