မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် ကော့လှိုင်းကျေးနယ်၊ ကျုံမိန်ကျေးရွာအတွင်းသို့ မတ်လ(၈)ရက် နံနက် (၇)နာရီအချိန်တွင် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း(ခလရ−၂၄) ပစ်ခတ်လိုက် သော လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး အခြားအရပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ကေအဲန်ယူ ဒူးသထူ(သထုံ) ခရိုင်က ယမန်နေ့ မတ်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၂ လုံးသည် ကျုံမိန်ကျေးရွာ မှ အသက် ၇ နှစ်အရွယ် နော်ဝင်းဝင်းရီနှင့် အသက် ၁၄ နှစ်အရွယ် စောထိပ်ပြောင်တို့ကို ထိမှန်သေ ဆုံးခဲ့သလို အသက် ၉ နှစ်အရွယ် စောနောင်ဒါးမု၏ ညာလက်ဖျံ နှင့် အသက် ၄၆ နှစ်အရွယ် နော်ကနူးဖိုး၏ ဦးခေါင်းညာဘက်ကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျုံမိန်ကရွာသားတွေတော့ပြန်မလာသေးဘူး။ လယ်ကွင်းတို့ ကိုင်းတောတို့မှာ ရှောင်နေရတုန်းပဲ။ တစ်ခါတစ်လေ ရွာထဲမှာ တိရစ္ဆာန်တွေကို အစာပြန်လာကျွေးပြီး ပြန်ရှောင်နေရတယ်။ ၈ ရက်နေ့က လက်နက်ကြီးပစ်တာ ဒဏ်ရာရတဲ့ ၂ ဦးထဲမှာ ၁ ဦးက စိုးရိမ်ရတယ်။ ၁ ဦးက စိုးရိမ်စရာမရှိဘူး”ဟု ကေအဲန်ယူ တပ်မဟာ (၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကျုံမိန်ဒေသခံ နော်ကနူးဖိုးပိုင်ဆိုင်သည့် နွားတစ်ကောင်ကိုလည်း ကျည်ထိမှန်သေဆုံးခဲ့သည်ဟု ကေအဲန်ယူ ဒူးသထူခရိုင်က ပြောသည်။
အဆိုပါ ကျုံမိန်ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ် (ခလရ−၂၄) တပ်ရင်းသည် သထုံ−ဖားအံအမြန်ကားလမ်းမကြီးဘေးရှိ ဒူးရင်းဆိပ်ကျေးရွာ အနီးတွင် တည်ရှိသည့် တပ်ရင်းစခန်းတစ်ခုဖြစ်သည်။
၎င်းစစ်ကောင်စီတပ်(ခလရ−၂၄)တပ်ရင်းသည် ကျုံမိန်ကျေးရွာတွင်သာမက ၎င်းရွာနှင့်နီးစပ်သည့် ထုံးဘို လေး၊ ထုံးဘိုကြီးစသည့်ကျေးရွာအတွင်းသို့လည်း မကြာခဏလက်နက်ကြီးပစ်ခတ်လျက်ရှိပြီး ကျေးရွာထဲရှိ ရွာသားများကိုလည်း ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်ဟု ကေအဲန်ယူတပ်ဟာ (၁) တာဝန်ရှိသူက ဆက်ပြောသည်။

“စကစက သတင်းတစ်ခုခုကြားပြီးဆိုရင် ရွာထဲကိုလိုက်ပစ်ပြီး။ သူတို့ကရွာသားတွေကို ပြောထားတယ်။ သူတို့ကို လာပစ်ရင်ရွာထဲ လက်နက်ကြီးနဲ့ပစ်မယ်၊ လေယာဉ်ပျံနဲ့လာကြဲမယ်တဲ့။ ရွာထဲကို စစ်ကြောင်း ဝင်လာတာတော့မလုပ်ဘူး။ တပ်ရင်းအထိုင်ကနေပဲ ရွာထဲကိုပစ်နေတယ်”ဟု ၎င်းက ပြောသည်။
၎င်းဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင်လည်း နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၄) တပ်ရင်းမှ ကေအဲန်ယူ−ဒူးသထူ(သထုံ)ခရိုင် ဖားအံမြို့နယ် ဝဲပျံကျေးနယ် တုတ်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ချမှုကြောင့် ထိုကျေးရွာအတွင်းရှိ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
ကျုံမိန်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)အဖွဲ့ကလည်း အတည်ပြုပြောဆိုပြီး စစ်ကောင်စီတပ်များက ကေအဲန်ယူ တပ်မဟာ အားလုံးနီးပါးကို နေ့စဉ်လိုလို လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KHRG ၏ စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးက ယခုလိုပြောသည်။
“ ၂ ယောက်ကတော့ ဆုံးသွားတယ်။ ၂ ယောက်ကတော့ ဒဏ်ရာရတယ်။ နွားတစ်ကောင်လည်း သေသွားတယ်။ အခုက လက်နက်ကြီး နဲ့ ရမ်းသမ်းပစ်ခတ်မှုက ပြောရမယ်ဆိုရင် တပ်မဟာ တိုင်း လိုလိုမှာ နေ့တိုင်းနီးပါး ဖြစ်နေတယ်။ ဆိုတော့ ထိခိုက်ဒဏ်ရာရမှု နဲ့ ပတ်သက်ရင်တော့ အထူးသဖြင့် တပ်မဟာ ၂ ၊ ၃၊ ၅၊ ၁ မှာ ဆိုလို့ရှိ ရင် မကြာခဏ ဆိုသလို ကျနော်တို့ ကြားသိနေရတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
စစ် ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် လက်ရှိ အချိန်အထိ ကျုံမိန် ဒေသခံရွာသားများ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့နေကြရဆဲဖြစ်သည်ဟု ကေအဲန်ယူ ဒူးသထူခရိုင်က ပြောသည်။



















