Home သတင်း စစ်ကောင်စီ တပ်စခန်းတစ်ခု ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီ တပ်စခန်းတစ်ခု ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

1317
Photo: ရေးဘီလူး

မတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခံသင်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ယနေ့ နံနက်အစောပိုင်းတွင် ရေးဘီလူးအဖွဲ့က သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးမြို့နယ်၊ ခံသင်းတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့ နံနက် ၇း၀၀ နာရီအချိန်ခန့်တွင် ရေးဘီလူးတပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီဘက်မှ ၆ ဦးခန့်သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ကေအိုင်စီသို့ အတည် ပြုပြောသည်။

၎င်းက “သူတို့စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ သူတို့ဘက်က အင်အား ၁၅ဦး လောက်တော့ရှိတယ်။ ထိခိုက်သေဆုံးမှုကတော့ ငါးဦး၊ ခြောက်ဦးလောက်ထိပဲ အတည်ပြုပြောဆို နိုင်တယ်။ လက်နက်ကောက်ဖို့ အဆင်မပြေဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်စခန်းသို့ သွားရောက်ပစ်ခတ်ရာတွင်လည်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဆုတ်လမ်းဝေးသောကြောင့် လက်နက်များကိုကောက်ယူသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

၎င်းမြို့နယ်ရှိဒေသခံများအနေဖြင့်လည်း နံနက်အစောပိုင်းတွင် ပစ်ခတ်သံများကို ကြားရသောကြောင့် အိမ်ပြင်မထွက်ရဲကြဘဲ အိမ်ထဲတွင်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ကလည်း ရေးတံတာကြီးပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦး ထိခိုက်သေဆုံးခဲ့သလို မတ်လ(၈) ရက်နေ့တွင်လည်း ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်း အရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။