Home သတင်း ဖားအံတွင် ကား၊ ဆိုင်ကယ်များကို ဖမ်းပြီး သုံးသောင်းဖြင့်ပြန်လည်ရွေးခိုင်းနေ

ဖားအံတွင် ကား၊ ဆိုင်ကယ်များကို ဖမ်းပြီး သုံးသောင်းဖြင့်ပြန်လည်ရွေးခိုင်းနေ

643
Photo: CJ

မတ်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၉)ရပ်ကွက်ရှိ ဇွဲကပင်ပလာဇာအရှေ့တွင် ယမန်နေ့ မတ်လ(၂၃)ရက် နံနက်က အသွားအလာ ကား၊ ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက အကြောင်းမဲ့ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ငွေကျပ် ၃ သောင်းဖြင့် ပြန်လည်ရွေးခိုင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။

အဆိုပါ ဇွဲကပင်ပလာဇာအရှေ့တွင် စစ်ကောင်စီရဲတပ်ဖွဲ့များနှင့်မော်တော်ပီကယ်များသည် ကား၊ ဆိုင်ကယ်များကို စစ်ဆေးမှုများပြုလုပ်ကာ ယာဉ်စည်းကမ်းများနှင့်အညီ လိုင်စင်၊ ဘက်မှန် ၊ ဦးထုပ်များ ပါရှိသော်လည်း ဖမ်းဆီးမှုများပြုလုပ်ပြီးနောက် ငွေကျပ် ၃ သောင်းဖြင့် ပြန်လည်ရွေးခိုင်းနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ယခုလိုပြောသည်။

“မနေ့က မနက် ၁၀ နာရီကနေဖမ်းနေပြီး။ မော်တော်ပီကယ်ရော၊ ရဲရော၊ အထဲမှာဆို BGF ရောရှိတယ်။ ဖမ်းထားတာ အသစ်ဆောက်ထားတဲ့ ဇွဲကပင်ပလာဇာဝန်းအပြည့်ပဲ။ လာသမျှဆိုင်ကယ်ရော၊ ဘေးတွဲရော အကုန်ဖမ်းတယ်။ ဖမ်းပြီးရင် အဲ့ဒီဝန်းထဲကို မောင်းထည့်ရတယ်။ ကားရောဆိုင်ကယ်ရောဆို အစီး ၅၀ လောက်ရှိ တယ်။ ဒဏ်ငွေ ၃ သောင်းဆောင်လိုက်ရတယ်။ လိုင်းစင်ပါတဲ့ကားကျတော့သူတို့လွတ်ပေးတယ်။ ဆိုင်ကယ်သမားတွေကို ပိုဖမ်းတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့ပေါ်တွင် စစ်ကောင်စီဌာနဆိုင်ရာတာဝန်ရှိသူများက ယခုလာမည့် မတ်လ ၃၁ ရက်နေ့အမီ ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ကြရန် လှည့်ပတ်ပြောဆိုမှုများရှိနေသလို ဖားအံမြို့ပေါ်နှင့် မြို့ပြင်ရှိ စစ်ကောင်စီချထားသည့် လုံခြုံရေးဂိတ်များတွင် ယခင်ကထက် စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကား၊ ဆိုင်ကယ်ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဘဏ်ဝန်ထမ်းတစ်ဦးက “သင်္ကြန်နားနီး၊ နှစ်သစ်ကူးအချိန်ကတော့ ကားတွေဆိုင်ကယ်တွေ ဖမ်းတာတော့ နှစ်စဉ်နှစ်တိုင်းပဲလေ။ အမှုတွေဘာတွေရှာပြီး အဲ့လိုမျိုးပုံစံပေါ့။ သင်္ကြန် နားနီးရင် အခုလို ဖမ်းတာတွေကရှိတယ်”ဟု ပြောသည်။

ထို့အတူ ဖားအံမြို့ပြင်ဘက်ခြမ်းရှိ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်များက အသွား အလာယာဉ်များကို စစ်ဆေးမှုပြုလုပ်ရာတွင် လူငယ်များနှင့် မသင်္ကာသူများကိုသာ အဓိကထား စစ်ဆေးမှုပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။