Home ဆောင်းပါး စာသင်ကျောင်းကို ဖျက်ဆီးသွားလည်း နော်ထရီဇာ၏ ပညာရေးအိပ်မက် အဆုံးသတ်မည်မဟုတ်

စာသင်ကျောင်းကို ဖျက်ဆီးသွားလည်း နော်ထရီဇာ၏ ပညာရေးအိပ်မက် အဆုံးသတ်မည်မဟုတ်

996

စာသင်ကျောင်းကို ဖျက်ဆီးသွားလည်း နော်ထရီဇာ၏ ပညာရေးအိပ်မက် အဆုံးသတ်မည်မဟုတ်

စအိုင်ဆူး (မတ်လ ၁၈ ရက်၊ ၂၀၂၃ခုနှစ်)

ဇန်နဝါရီလဆန်းပိုင်းက အဖြစ်အပျက်တစ်ခုကြောင့် သူမအိပ်မက်တွေ ဖျက်ဆီးခံလိုက်ရသလို ဖြစ်သွား ခဲ့သည်ဟု ပျက်စီးသွားသည့် သစ်ဝါးအဆောက်အအုံးငယ် စာသင်ကျောင်း အပျက်ပုံကို လက်ညိုးထိုး ရင်းအသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမ နော်ထရီဇာတစ်ယောက် အဖြစ်အပျက်များကို ပြန်ပြောပြနေသည်။

၂၀၂၃ ခုနှစ်၏ နှစ်ဆန်းပိုင်းကာလ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က စစ်ကောင်စီ၏ တိုက်လေ ယာဉ် နှစ်စင်းသည် နော်ထရီဇာ စာသင်ပေးနေသည့် အလယ်တန်းကျောင်းကို ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ သောကြောင့် ကျောင်းအဆောက်အဦးတစ်ခုလုံး ကြေမွပျက်စီးသွားခဲ့ရသည်။

ထိုအပြင် အနားဝန်းကျင်ရှိ လူနေအိမ်များ နှင့် ခရစ်ယာန် ဘာသာရေး အဆောက်အဦးနှစ်ခု ထိခိုက်ပျက်စီးသွားခဲ့ကာ အရပ်သား (၅) ဦးလည်း အသက်သေဆုံးသွားခဲ့ရသည်။

၎င်းဖြစ်စဉ်မတိုင်ခင် ကျောင်းဆရာမ နော်ထရီဇာသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) ထိန်းချုပ်ရာ မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုတွင်ရှိသော အဆိုပါ လေးဝါးကျေးရွာ အလယ်တန်းကျောင်းတွင် စာသင်ပေးနေသူတစ်ဦးဖြစ်ပြီး ၎င်းလေးဝါ ကျေးရွာနှင့် မနီးမဝေးရှိ တောင်ပေါ် ဒေသမော်လေးခို့ ကျေးရွာတွင် နေထိုင်သူလည်းဖြစ်သည်။

ငယ်စဉ်အရွယ်က ပညာကို ခက်ခက်ခဲခဲသင်ယူခဲ့ရသည့် အတွေ့အကြုံများကြောင့် သူမဇာတိမြေကို ပညာရေးစွမ်းရည် မြှင့်တင်ပေးရန် ရည်မှန်းထားသူတစ်ဦးဖြစ်ပြီး ပညာရေးအခွင့်အလမ်းကောင်းများကို ရရှိရန်အတွက်လည်း သူမနေထိုင်ရာ တောင်ပေါ် ရွာကလေးကို စွန့်ကာ ထိုင်း- မြန်မာနယ်စပ်မြို့ဖြစ် သည့် မဲဆောက်မြို့ကို အသက် (၁၀)နှစ်အရွယ်က ရောက်ရှိ ပညာသင်ယူခဲ့သည်။

“ရွာကနေထွက်ပြီး ပညာသွားသင်ကတည်းက ကျမမှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ ကျမလုပ်ချင်တဲ့ ရည်ရွယ်ချက်က ကျမဒေသမှာ ပညာရေးကို မြှင့်တင်ပေးဖို့ပဲ ဖြစ်တယ်။ ပညာရေးကဏ္ဍကို ပိုပြီး လှုပ်ရှား ပေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးက အရေးကြီးတယ်လေ။ ကမ္ဘာကြီးကိုပြောင်းလဲပေးတဲ့ နေရာမှာလည်း လက်နက်တစ်ခုဖြစ်တယ်။” ဟု သူမ၏ ပညာရေး ယုံကြည်ချက်ကို ပြောပြသည်။

နော်ထရီဇာသည် ငယ်စဉ်အခါက ၎င်းနေထိုင်ရာ ဒေသတွင် ပညာရေးကို ခက်ခက်ခဲခဲ သင်ယူရသည့် အပေါ် အမြဲအမှတ်ရလေ့ရှိပြီး ငယ်စဉ်အခါ ပညာရှာရ ခက်ခဲပုံကို သူမ ယခုအချိန်ထိ မေ့မရနိုင်သေးသည့် အဖြစ်အပျက် တစ်ခုကိုလည်း ပြန်ပြောင်းပြောပြသည်။

“ကျမ မှတ်မိသေးတယ်။ တစ်ရက်တော့ ကျမအမေ တစ်ကိုယ်လုံးရေစိုပြီး အိမ်ကို ပြန်ရောက်လာတယ်။ သူများပြောတာက လှေမှောက်တာတဲ့။ အဲ့တုန်းက ကျမအမေက ကျမတို့ကို ကျောင်းထားနိုင်ဖို့ ဒညင်း သီးတွေကို စက်လှေနဲ့ အဝေးကြီးသွားရောင်းရတာ။ အဲ့ဒါ လှေမှောက်တော့ ဘာမှ မရောင်းရဘဲ အိမ်ပြန် လာခဲ့ရတယ်။” ဟု သူ့ငယ်ဘဝ မမေ့နိုင်သည့် အဖြစ်အပျက်ကို ပြောပြသည်။

ထိုအခက်အခဲများကြောင့်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ကို သွားရောက်ခဲ့ပြီး မယ်တော်ဆေး ခန်းကို တည်ထောင်သူ ဒေါက်တာစင်သီယာမောင် ဦးဆောင်ဖွင့်လှစ်ထားသည့် မြန်မာရွှေ့ပြောင်း ကျောင်းတစ်ကျောင်းဖြစ်သော ကလေးများ ဖွံ့ဖြိုးရေးစင်တာ(CDC) အထက်တန်းကျောင်းတွင် တက်ရောက်အောင်မြင်ခဲ့သည်။

အဆိုပါကျောင်းတွင် ကျောင်းဆရာမအနေဖြင့် ပြန်လည်ကူညီ စာသင်ပေးခဲ့သလို ဖားအံမြို့တွင် ဖွင့်လှစ်ထားသည့် EGG (Education Gathering Group) Academy) ကျောင်းတွင် ပညာဆက်လက်သင်ယူခဲ့သည်။ EGG ကျောင်းတွင် ဒီပလိုမာဘွဲ့ကို ရရှိခဲ့ပြီးနောက် ၎င်းကျောင်းနှင့် ချိတ်ဆက်မှု ရှိသည့် ထိုင်းနိုင်ငံရှိ Payap University ကိုလည်း အွန်လိုင်းမှတဆင့် သင်ယူအောင်မြင်ခဲ့သည်။

အသက်ငယ်ရွယ်သေးသည့် နော်ထရီဇာအနေဖြင့် အခြားနိုင်ငံတကာ တက္ကသိုလ်ကျောင်း များတွင် ပညာဆက်လက် သင်ယူလိုသော်လည်း မိသားစု အရေးကိစ္စတစ်ခုဖြင့် မိမိဇာတိမြေကို ပြန်ရောက် လာချိန် ဒေသ၏ လိုအပ်ချက်များကို တွေ့မြင် ကြုံတွေ့ခဲ့ရသည့်အပေါ် ယခင် သူမရည်မှန်းထား သည့်အတိုင်း သူမကျေးရွာသို့ ပြန်ရောက်ခဲ့သည့် ၂၀၂၂ ခုနှစ်မှစပြီး လေးဝါးကျေးရွာ အလယ်တန်း ကျောင်းတွင် အင်္ဂလိပ်စာသင် ကျောင်းဆရာမအနေဖြင့် စတင်ဝင်ရောက် ကူညီသင်ကြားပေးခဲ့သည်။

ထိုသို့ စာသင်ကြားပေးနေစဉ် ကာလအတွင်း ဒေသတွင် ကလေးငယ်များ၏ ပညာရေး သင်ကြားရေး စရိတ် လိုအပ်ချက်များနှင့် ကျောင်းအဆောက်အဦး၊ အတွင်းပရိဘောဂများ မပြည့်မစုံ ဖြစ်နေသည်ကို သူမမြင်တွေ့သိရှိခဲ့ရသည့်အတွက် စာသင်ကျောင်းဆောင်ကို အခိုင်အမာ တည်ဆောက်ရန် နှင့် မပြည့်စုံ သည့် ကလေးငယ်များအတွက် ပညာရေး စရိတ်ရရှိရန် ရန်ပုံငွေများကို ဦးဆောင်၍ လှုပ်ရှား ရှာဖွေပေးခဲ့သည်။

“ကျမဒေသက ကလေးတွေက ပညာရေး တကယ်လိုအပ်နေသူတွေဖြစ်တယ်။ လူမျိုးတစ်မျိုးတိုးတက်ဖို့ ဆိုတာကလည်း ပညာရေးက အရေးကြီးတယ်လေ။ ပြီးတော့ ဒီကကျမစာသင်ပေးဖူးတဲ့ ကလေးတွေ ဖြစ်စေ၊ တခြားဆရာတွေ သင်ပေးတဲ့ကလေးတွေဖြစ်စေ သူတို့ကို ကျမတို့ထက် ပိုပြီးတော်စေချင်တတ် စေချင်တာက ကျမရည်မှန်းချက်ပဲ။”ဟု သူမ၏ ပညာရေးမြှင့်တင်လိုသည့် ရည်မှန်းချက်ကို ပြောပြသည်။

ဒေသတွင်း ကလေးငယ်များသည် ပညာကို လိုလားကြသော်လည်း မိသားစုဝင်များမှ အပိုဝင်ငွေ မရှိကြ ခြင်းကြောင့် ကျောင်းပို့ပေးရန် အခက်အခဲရှိနေသည့်အပေါ် နော်ထရီဇာက ၎င်းတတ်မြောက်ထားသည့် ရိုးရာ ကရင်အင်္ကျီ ရက်လုပ်နည်းဖြင့် တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းပေးရန် ကြိုးစားနေသလို အိုမင်း ဟောင်းနွမ်းနေသည့် စာသင်ကျောင်းဆောင်ကိုလည်း အသစ်ပြန်လည်ဆောက်လုပ်ရန်အတွက် မဲလက်မှတ်များထုတ်၍ ရန်ပုံငွေ ရှာဖွေပေးခဲ့သည်။

နော်ထရီဇာ နေထိုင်ရာ ဖာပွန်ခရိုင်ဒေသသည် တောတောင်ထူထပ်၍ သွားလာရေးအတွက် ခက်ခဲသလို ဒေသခံလူထုများကလည်း မိသားစု စားဝတ်နေရေးအတွက် သမာရိုးကျတောင်ယာခုတ်သီးနှံ စိုက်ပျိုး ခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုကြပြီး အခြားအပိုဝင်ငွေရရှိစေသည့် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများလည်း အင်မတန် ရှားပါးသည့် ဒေသဖြစ်သည်။

ထို့အပြင် အဆိုပါ ဒေသသည် နယ်မြေခံ KNU နှင့် စစ်ကောင်စီအကြား စစ်ရေးပဋိပက္ခဖြစ်ပွား ရာဒေသ ဖြစ်သလို ဒေသအခြေအနေအရ ပညာသင်ယူနိုင်သည့် အရင်းအမြစ်နေရာများလည်း ရှားပါးလွန်းလှပြီး ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းဖြစ်စဉ်များကြောင့်လည်း ဒေသတချို့ရှိ ကျောင်းများတွင် စာမသင်ရဲကြ တော့ဘဲ တောတောင်လျှိုမြောင်များတွင်သာ ပညာကိုဆက်လက်သင်ကြားရသည့် ဒေသဖြစ်လာခဲ့သည်။

“ဒီကျောင်းက တကယ်အရေးကြီးတယ်။ ဘာဖြစ်လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံး စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကလေးတွေကျောင်းဆက်တက်နိုင်ဖို့က ကျမတို့ ခေါင်းဆောင်တွေအတွက် စိန်ခေါ်မှုဖြစ် လာတယ်။ ပြီးတော့ ကျောင်းသား မိဘတွေလည်း သူတို့ သားသမီးတွေကို နယ်ဝေးကိုပို့ပြီး ကျောင်းမ ထားရဲကြတော့ဘူး။ အဲ့တော့ ကျောင်းတွေကို သူတို့လက်လှမ်းမမီနိုင်ဘူးဆိုရင် သေချာတယ်၊ သူတို့ ကလေးတွေရဲ့ ပညာရေးတွေ အဆုံးသတ်သွားနိုင်တယ်” ဟု အသစ်ဆောက်လုပ်ရန် ရည်ရွယ်ထားသည့် လေးဝါး ကျောင်း၏ အရေးပါကိုပုံကို နော်ထရီဇာက ရှင်းပြသည်။

သို့သော် ကျောင်းဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်နေစဉ်အတွင်းမှာပင် မြေပြင်တွင် စစ်ရေးအရ အရေး နိမ့်နေသည့် စစ်ကောင်စီတပ်သည် ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေကို ယခင် ၂၀၂၂ခုနှစ်၊ ပွင့်လင်းရာသီစတင်ချိန်မှစ၍ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန် လုပ်ဆောင်လာခဲ့ပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့်ပင် နော်ထရီဇာ စာသင်ပေးနေသည့် ကျောင်းကလေးလည်း လေကြောင်း တိုက်ခိုက်မှု၏ မြေစာပင် အဆောက်အဦးတစ်ခု ဖြစ်သွားခဲ့ရသည်။

“ဒီတိုက်ပွဲတွေကြောင့်ပဲ ကျမတို့ကျောင်းလေး အကုန်ပျက်စီးသွားခဲ့ပြီ။ အပိုင်းအစတွေပဲ ကျန်တော့ တယ်။ ဒါတင် မကဘူး ကျောင်းသားမိဘတွေ၊ ကျောင်းကော်မတီဝင်တွေ အသက်သေဆုံးခဲ့ရတယ်။ ကျမ ဆက်လုပ်စရာ ရှိတဲ့အလုပ်တွေ ပျက်စီးသွားတယ်။ ကျမရဲ့ အိပ်မက်တချို့ ပျက်စီးသွားသလို ခံစား လိုက်ရတယ်။”ဟု နော်ထရီဇာက သူမ၏ ခံစားချက်ကို ဖွင့်ဟပြောဆိုသည်။

အဆိုပါ စစ်ကောင်စီ၏ တိုက်လေယာဉ် နှစ်စင်းသည် စာသင်ကျောင်းဆောင်ကို လာရောက်ပစ် ခတ်ချိန်တွင် ကျောင်းတက်ချိန်ဖြစ်သော်လည်းကံကောင်းသွားသည်မှာ ကျောင်းသူ၊ ကျောင်းသားများ စာသင်ကျောင်းဆောင်အတွင်း မရှိကြတော့သည့်အချိန်ဖြစ်သောကြောင့် ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း ဒေသခံများက ပြောပြသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် KNU တပ်မဟာ (၅) နယ်မြေတွင် တ ကျော့ပြန်စစ်မီး ပြန်လည်တောက်လောင်လာပြီး စစ်ကောင်စီ၏ အခြေစိုက် စခန်းတချို့ကို KNU ဘက်က တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လာပြီးနောက် စစ်ကောင်စီဘက်မှလေကြောင်း တိုက်ခိုက်မှုများဖြင့် အပြင်းအထန် ပြန်လည်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။

ထိုသို့လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ရာတွင် KNU ၏ အခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်းထက် အရပ်သားများ နေထိုင်ရာ ကျေးရွာများ၊ တောင်ယာစိုက်ပျိုးခင်းများနှင့် စာသင်ကျောင်း အဆောက်အဦးများကို ပစ်မှတ်ထားပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး KNU တပ်မဟာ (၅) ဌာနချုပ်အနီးရှိ ဒေဖိုးနို အထက်တန်း ကျောင်းကို ၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့တွင် စစ်ကောင်စီက ပထမဦးဆုံးအကြိမ် ဝင်ရောက် ပစ်ခတ်ခဲ့သည်။

ထို့နောက် မြေပြင်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရေးနိမ့်မှုများ ပိုမိုကြုံတွေ့လာ ရသောကြောင့် လေကြောင်း တိုက်ခိုက်မှုကို ပိုမိုအသုံးပြုလာခဲ့ပြီး လစဉ်နီးပါး ကင်းထောက် လေယာဉ်များဖြင့် ဝဲပျံ ထောက်လှမ်းကာ မထင်မှတ်သည့် အချိန်များတွင် ဝင်ရောက်ပစ်ခတ် လေ့ရှိသည်ဟု KNU မူတြော်(ဖာပွန်)ခရိုင်၏ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆိုသည်။

လုံခြုံရေး အခြေအနေများကြောင့်လည်း ဒေသခံ လူထုများအနေဖြင့် ကျေးရွာအတွင်း နေထိုင်ရဲ ကြခြင်းမရှိကြတော့ဘဲ ဘေးလွတ်ရာ တောတောင်လျှိုမြောင်များတွင် ရွှေ့ပြောင်းနေ ထိုင်ကြရပြီး စာသင်ကျောင်းများကိုလည်း လုံခြုံစိတ်ချရာ တောတွင်းနေရာများတွင်သာ ဆက်လက် ပညာသင်ကြားပေးနေခဲ့ရသည်။

မူတြော်(ဖာပွန်)ခရိုင်အတွင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD) လက်အောက်တွင်ရှိ သော ကရင်ပညာရေးကျောင်း ၃၁၈ ကျောင်းရှိပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း အားလုံး နှစ်သောင်းခွဲ ကျော် ပညာသင်ယူနေကာ ဒေသတွင်းကျောင်းဆရာ၊ ဆရာမပေါင်း ၁၉၂၉ ဦးဖြင့် ပညာသင်ကြား ပေးနေကြောင်း မူတြော်(ဖာပွန်) ခရိုင်၏ ပညာရေးဌာနထံမှ သိရသည်။

သို့သော် အဆိုပါ ကျောင်းပေါင်း ၃၁၈ ကျောင်းထဲတွင် စာသင်ကျောင်းအများစုမှာ ကျေးရွာအတွင်း ဆောက်လုပ်ထားပေးသည့် ကျောင်းအဆောက်အအုံများတွင် မသင်ကြာနိုင်ကြတော့ဘဲ လုံခြုံရေး စိုးရိမ်ချက်အရ တောထဲတွင် ပြေးလွှားပုန်းရှောင်ရင်း ပညာကို ဆက်လက်သင်ကြားနေကြရသည်။

စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှုကြောင့်လည်း ကျောင်းသား ကလေးငယ်များတွင် စိတ်ဒဏ်ရာ များရရှိကာ ကျောင်းတက်ကြောက်ရွံ့စိုးရိမ်မှု များရှိနေကြောင်းလည်း ပညာရေးမှူး စောယူဘီဖိုးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုတွင် အပစ်ခတ်ခံခဲ့သည့် စာသင်ကျောင်းများတွင် ဒေဖိုးနို အထက်တန်းကျောင်း၊ မျိုးဆက်သစ်စာသင်ကျောင်းနှင့် လေးဝါးအလယ်တန်းကျောင်းတို့ ပါဝင်ခဲ့ပြီး ၎င်းကျောင်း ၃ ကျောင်းအနက် ကျောင်းဆရာမလေး နော်ထရီဇာ စာသင်ပေးနေသည့် လေးဝါးအလယ်တန်းကျောင်းမှာ အဆောက်အဦးတစ်ခုလုံးနီးပါး ကြေမွ ပျက်စီးသွားခဲ့သည်။

ပျက်စီးသွားသည့် ကျောင်းအဆောက်အဦးကိုကြည့်ရင်း အိပ်မက်များ ဖျက်ဆီးခံခဲ့ရသလို ခံစားလိုက်ရ သော်လည်း ကျောင်းဆရာမလေး နော်ထရီဇာအနေဖြင့် သူမဆက်လုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင်လည်း ကလေးငယ်များ၏ ပညာရေး ထောက်ပံ့ရေး စရိတ်များအတွက် သူမ တပည့်မလေးများကို ခေါ်၍ ကရင်ရိုးရာ လက်ရက်အထည်များကို ရက်လုပ်ကာ စျေးကွက်ရှာ ရောင်းချပေးနေသည်။

၎င်းအပြင် လေးဝါး အလယ်တန်းကျောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကျောင်းသားမိဘ နှင့် ကျောင်း ကော်မတီဝင်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသလို ဆရာမလေးနော်ထရီဇာ့အနေဖြင့်လည်း အသက်ဘေးမှ သီသီလေးသာ လွတ်မြောက်ခဲ့သည်။

ထို့ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အနိဌာရုံမြင်ကွင်းများကြောင့် ပညာရေးတာဝန်ရှိသူများမှာ စိတ်ဓါတ်ကျနေကြသော်လည်း မိမိအနေဖြင့် ကျောင်းပညာရေးကို ဆက်လက် လုပ်ဆောင်သွားရန် ဆန္ဒပြင်းပြနေဆဲဖြစ်ကြောင်းလည်း နော်ထရီဇာက ယခုလို ပြောသည်။

“ကျမ အသက်ရှင်နေသေးတယ်။ ကျမ အိပ်မက်တွေပဲ ပျက်စီးသွားတာ ကျမအသက်သေသွား တာမဟုတ်ဘူး။ အားလုံးက စိတ်ဓါတ်တွေကျနေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားပေးကြရင် ဒီကျောင်းကိုတော့ ဆက်သွားကြဖို့ ဆန္ဒရှိကြသေးတဲ့အတွက် တောထဲမှာပဲ သင်ရသင်ရပညာရေးကို တော့ ဆက်ကြိုးပမ်းသွားအုံးမှာပါ” ဟု နော်ထရီဇာက ပြောဆိုသွားခဲ့သည်။