Home သတင်း ကျောင်းကုန်းတွင် (၇၅)နှစ်မြောက်စိန်ရတုကရင်အမျိုးသားနေ့နှင့် ကရင်ဘိုးဘွားအောက်မေ့ပွဲ ပြုလုပ်သွားမည်

ကျောင်းကုန်းတွင် (၇၅)နှစ်မြောက်စိန်ရတုကရင်အမျိုးသားနေ့နှင့် ကရင်ဘိုးဘွားအောက်မေ့ပွဲ ပြုလုပ်သွားမည်

859

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

နံနက်ဖြန် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ နှင့် ကရင်ဘိုးဘွားအောက်မေ့ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အနောက်စု ကျေးရွာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ကျောင်းကုန်းမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း၏ ဦးဆောင်မှုဖြင့် ကျင်းပသွားမည့် အဆိုပါ စိန်ရတု ကရင်အမျိုးသားနေ့နှင့် ဘိုးဘွားအောက်မေ့ပွဲ အခမ်းအနားသည် အမျိုးသားနေ့ ပုံရိပ်မပျက် စေရန် လူကြီးလူငယ်အားလုံး လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်ရန်အတွက် ရည်ရွယ်၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီ ဥက္ကဌ မန်းဝင်းဌေးကပြောသည်။

၎င်းက “အမျိုးသားနေ့ ပုံရိပ်မပျက်ရလေအောင် ပုံရိပ်ကို လူငယ်တွေ လူကြီးတွေ အကုန်လုံး ပွဲတော်ရဲ့ အနှစ်သာရကို သိအောင်လုပ်တာပါ” ဟု ကေအိုင်စီ သို့ပြောသည်။

ပွဲဖြစ်မြောက်ရေးအတွက် မြို့နယ်စာ/ယဉ်အနေဖြင့် သက်ဆိုင်ရာ စစ်ကောင်စီ၏ မြို့နယ်ရဲ တပ်ဖွဲ့များ အုပ်ချုပ်ရေး တာဝန်ရှိသူများကို ခွင့်ပြုချက်တင်ထားပြီး ဒေသအာဏာပိုင်များကလည်း ခွင့်ပြုလုပ်ဆောင်ခွင့်ပေးကြောင်း မန်းဝင်းဌေးက ဆက်ပြောသည်။

အဆိုပါ ပြုလုပ်မည့် အမျိုးသားနေ့ နှင့် ကရင်ဘိုးဘွားအောက်မေ့ပွဲ ပွဲတော်တွင် ဒေသခံလူထုများပါဝင်၍ ကရင်အမျိုးသားနေ့ အထိမ်းအမှတ်ဆိုင်ရာဟောပြောခြင်းများ၊ အားကစားပွဲများ၊ ရိုးရာယဉ်ကျေးမှု ထုတ်ဖော်မှုများပါဝင်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

သို့သော် ယခုပြုလုပ်မည့် ကရင့်အမျိုးသားနေ့ကို မြန်မာနိုင်ငံခေတ်အဆက်ဆက် အစိုးရအနေဖြင့် အသိအမှတ်ပြုထား ခြင်းမရှိသည့်အတွက် အခက်အခဲကြားက ဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ယခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းကာလတွင်လည်း ပွဲတော် ပြုလုပ်မှုများအပေါ် ဝေဖန်ခံရမှုများလည်း ရှိနေကြောင်း ပွဲစီစဉ်သူ များက ဆိုသည်။

အလားတူ ကရင်ပြည်နယ်တွင်လည်း ကရင်အမျိုးသားနေ့ အထိမ်းအမှတ် စာမူများ ရေးပို့ကြရန် ကရင်အမျိုးသားများ မျိုးနွယ်စုအသင်းမှ ပြည်တွင်းပြည်ပ ကရင်လူငယ်များကို ဖိတ်ခေါ်ထားသေးသည်။

ကရင်ပြည်တောင်းဆိုသည့်စာ ပိုမို‌လေးနက်‌စေရန် ‌ဖေ‌ဖေါ်ဝါရီလ (၁၁)ရက်‌နေ့၌ မြန်မာပြည် တစ်ပြည် လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလား‌ကြောင်း မြို့‌ပေါ်သို့တက်၍ ကရင်လူထု ဆန္ဒပြပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်အတိုင်း ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၁)ရက်‌နေ့တွင် မြန်မာပြည်တစ်ပြည်လုံးရှိ ကရင်အမျိုးသားများမြို့‌ပေါ်တက်၍ ကရင်ပြည်လိုလား‌ကြောင်း ကရင်လူထုဆန္ဒပြပွဲ ကျင်းပ‌ခဲ့ကြသည်။

၎င်းတောင်းဆိုမှုပြုလုပ်သည့်နေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃-၂၅ရက်‌နေ့များတွင် ဖာပွန်မြို့၌ ကျင်းပ‌သော ‌ကော်သူး‌လေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ‌ဖေ‌ဖော်ဝါရီ (၁၁)ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့ဟု သတ်မှတ်ကျင်းပရန် မြစ်ဝကျွန်း‌ပေါ် အမှတ်(၁)ခရိုင်ဥက္ကဌ ‌စော‌ကျော်‌အေးက အဆိုပြုခဲ့သည်။ ၎င်းအဆိုပြုချက်ကို မြစ်ဝကျွန်း‌ပေါ်အမှတ်(၁) တပ်မမှူး ဗိုလ်ချုပ်‌ကော်ထူးက ‌ထောက်ခံရာ ကွန်ဂရက်ကိုယ်စားလှယ်များက ကန့်ကွက်သူ လုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထုဆန္ဒပြပွဲ ဖြစ်သည့် ‌ဖေ‌ဖော်ဝါရီလ (၁၁)ရက်‌နေ့သည် ကရင်အမျိုးသား‌နေ့ အဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။

အလားတူ ကျောင်းကုန်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်က ကျရောက်သည့် (၇၂)နှစ်မြောက် ကရင်အမျိုးသား နေ့ကို အနောက်စုကျေးရွာတွင် အခမ်းအနားများဖြင့် ပြုလုပ်ကျင်းပခဲ့ဖူးသေးသည်။