Home သတင်း လိုင်စင်မဲ့ကား ဆက်လက်ဖမ်းဆီးမည့် သတင်းကြောင့် ဒေသခံများသွားလာရေး အခက်တွေ့နေ

လိုင်စင်မဲ့ကား ဆက်လက်ဖမ်းဆီးမည့် သတင်းကြောင့် ဒေသခံများသွားလာရေး အခက်တွေ့နေ

758

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့ ပေါ်တွင် လိုင်စင်မဲ့ကားများ ဆက်လက်ဖမ်းဆီးမည့် သတင်းကြောင့် ဒေသတွင်း သွားလာနေကြသည့် ဒေသခံများ အခက်တွေ့နေရသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့က ပြည်နယ်စစ်ကောင်စီမှ လိုင်စင်မဲ့ကား အသုံးပြု၍ တော်လှန်ရေးအဖွဲ့များ၊ လက်နက်ခဲယမ်းသယ်ဆောင်မှုတွင် စစ်ကောင်စီ၀န်ထမ်းများ ပါ၀င်ပတ်သက်မှုရှိသည်ဟုဆိုကာ လိုင်စင်မဲ့ကား ဖမ်းဆီးမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြို့ခံတစ်ဦးက “ကားတွေ ဖမ်းလိုက်တော့ မြို့ပေါ် ဘယ်သူမှ မလာလိုကြတော့ဘူး။ ကားလည်းသိမ်း လူလည်း ဖမ်းမယ်ဆိုတော့ မြို့မှာ ခြောက်ကပ်နေတယ်။ လိုင်စင်မဲ့ကားတွေက ပြန်ရောင်းလို့လည်းမရ၊ ဖွက်ထားဖို့ကလည်း မလုံခြုံဆိုတော့ တော်တော်ခက်ခဲကြတယ်။ အခုလာမယ့် ၁၄ရက်ကို ထပ်ပြီး ဖမ်းမယ်သိမ်းမယ်ဆိုတဲ့ သတင်းလည်းထွက်နေတယ်။ BGF အဖွဲ့တွေ ထောက်ခံချက် လက်မှတ်နဲ့ လိုင်စင်မဲ့ကားစီးနေသူတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပစ်ကြခတ်ကြရင်တော့ ဘာဖြစ်မလဲ မသိတော့ဘူး။ ”ဟု ပြောသည်။

ထိုသို့ အခြေအနေကြောင့် ဖမ်းဆီးရမည့် စစ်ကောင်စီ ၀န်ထမ်းများ၊ အပစ်ရပ်လက်နက်ကိုင်အဖွဲ့ အစည်းများ အကြားတွင်လည်း သဘောထား ကွဲလွဲမှုများ ဖြစ်ပွားနေကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

“စစ်ကောင်စီ ယာဉ်ထိန်းတွေကတော့ သူတို့လူကြီးတွေ ကားဖမ်းခိုင်းတာလက်နက်ကိုင်နဲ့ ပြဿနာ ဖြစ်မှာကို စိတ်ပျက်ကြသူရှိသလို လာဘ်ငွေ တောင်းဖို့ ကြိတ်ပျော်နေကြသူတွေ လည်းရှိတယ် ၊ လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီခေါင်းဆောင်တွေလည်း ကားဖမ်းကိစ္စကြောင့် ဆက်ဆံရေးတင်းမာမှုတွေ သဘောထားကွဲလွဲ တာတွေ ရှိနေလို့ ပြောသံကြားနေတယ်” ဟု ၎င်းက မြို့ခံက ပြောသည်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ကားအသုံးပြုကြသည့်ကိစ္စမှာ ဒေသတွင်းအလေ့အထတစ်ခုလို အမြစ်တွယ်နေသည့် တရားမ၀င် အစဉ်အလာ တစ်ခုဖြစ်နေပြီး ယခု စစ်အာဏာသိမ်း စစ်ကောင်စီ မှ လိုင်စင်မဲ့ ကားဖမ်းဆီးခိုင်းသည့်ကိစ္စမှာ အမိန့် အာဏာတည်မည့် သဘောမတွေ့ရဘဲ ရက်ပိုင်းလပိုင်း မျှ ဖမ်းဆီး၊ သိမ်းဆည်းမှုများ ပြုလုပ်ပြီးနောက် လာဘ်ငွေရယူ ပြန်လွှတ်ပေး၊ ကားပြန်ထုတ်ပေးသည့် အမှုပွဲစားများ၊ တရားရုံး၀န်ထမ်းများ၊ ယာဉ်ထိန်းနှင့် ရဲတပ်ဖွဲ့၀င်များ၊ လုံ/နယ်၀န်ကြီးနှင့် စစ်ကောင်စီ ဌာနဆိုင်ရာလူကြီးများသာ ၀င်ငွေကောင်းကြမည့်သဘောသာ ခေတ်အဆက်ဆက် တွေ့မြင်ရကြောင်း လိုင်းစင်မဲ့ ကားအရောင်းအ၀ယ် ပြုလုပ်ကြသည့် ဒေသခံ စီးပွားရေးသမားများက ပြောသည်။

“ဒါက ဖြစ်နေကြပဲ။ အခုကတော့ စစ်တပ် အာဏာသိမ်းတဲ့အဖွဲ့က လုပ်တယ်ဆိုပေမယ့် ဒေသထဲ က လက်နက်ကိုင်အဖွဲ့တွေကတော့ နေရာစုံမှာ စစ်ရေးတင်းမာနေတာဆိုတော့ ဆိုးမှာလား၊ ငြိမ် မှာလားဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ ”ဟု လိုင်စင်မဲ့ကား အရောင်းအ၀ယ် စီးပွားရေး သမားတစ်ဦး က ပြောသည်။

ဖားအံမြို့တွင် လိုင်စင်မဲ့ကား ဖမ်းဆီးစစ်ဆေးမှုအား ဖေဖော်ဝါရီ ၂ ရက်နေ့က ဖားအံ မြို့တွင်း/မြို့ပြင် ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ လိုင်စင်မဲ့ကား အစီးရေ ရာချီ အဖမ်းခံခဲ့ရပြီးနောက် ယာဉ်ပိုင်ရှင်အချက်အလက် နှင့် နောက်နောင် လိုင်စင်မဲ့ကား အသုံးမပြုတော့ပါဟု ခံ၀န်လက်မှတ်ထိုးမှတ်တမ်းယူကာ ပြန်လွှတ် ပေးခဲ့ ကြောင်း၊ နောက်တစ်ကြိမ် တွေ့ရှိ ဖမ်းဆီးမိပါက ကားနှင့်လူပါ ဖမ်းဆီးအမှုဖွင့်အရေးယူမည်ဟု စစ်ကောင်စီ၀န်ထမ်းများက ပြောဆိုကြောင်း လိုင်စင်မဲ့ကားဖမ်းဆီးခံရသူများ ပြောစကားအရ သိရ ပါသည်။

အဆိုပါ လိုင်စင်မဲ့ကား ဖမ်းဆီးမှုမှာ ဖားအံမြို့တွင်သာ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် လိုင်စင်မဲ့ကားတင်သွင်း ၀င်ရောက်ကာ အရောင်းအ၀ယ်စျေးကွက်ရှိသည့် မြ၀တီမြို့ဘက်တွင် ပုံမှန်အနေအထားဖြင့် စီးနှင်းအသုံးပြုသွားလာနေကြဆဲဖြစ်ကြောင်း၊ ကားအ ရောင်းအ၀ယ် စျေးကွက်မှာလည်း ပုံမှန်ရောင်း၀ယ်မှုများ ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်ကြောင်း မြ၀တီလိုင်စင်မဲ့ကား စျေးကွက် ကား၀ယ်ရောင်းလုပ်သူများထံမှ သိရသည်။