Home သတင်း “ပြည်သူ့နွေဦးတော်လှန်ရေး ဒုတိယနှစ်ပတ်လည် အထိမ်းအမှတ်” အနေဖြင့် ဩစတြေးလျားနိုင်ငံတွင် ဆန္ဒထုတ်ဖော်ပွဲကျင်းပပြုလုပ်ခဲ့

“ပြည်သူ့နွေဦးတော်လှန်ရေး ဒုတိယနှစ်ပတ်လည် အထိမ်းအမှတ်” အနေဖြင့် ဩစတြေးလျားနိုင်ငံတွင် ဆန္ဒထုတ်ဖော်ပွဲကျင်းပပြုလုပ်ခဲ့

640

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ဩစတြေးလျားနိုင်ငံ၊ ကင်ဘာရာမြို့၊ ဖက်ဒရယ်ပါလီမန်အဆောက်အဦးအရှေ့တွင် “ပြည်သူ့နွေဦးတော်လှန်ရေး ဒုတိယနှစ်ပတ်လည် အထိမ်းအမှတ်” အနေဖြင့် ယမန်နေ့ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ဩစတြေးလျားနိုင်ငံရောက် မြန်မာလူမျိုးများနှင့် တိုင်းရင်းသားအင်အားစုများ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် စစ်ကောင်စီမှ ၂၀၂၃ခုနှစ်အတွင်းကျင်းပမည့် ရွေးကောက်ပွဲအား အသိအမှတ်မပြုရန်၊ နွေဦးတော်လှန်ရေးနှင့် CDM တွင်ပါဝင်ခဲ့ကြ သူများ၏ ဗီဇာသက်တမ်းကို တိုးမြှင့်ပေးရန်၊ NUG နှင့်တရားဝင် သံတမန်ရေးဆိုင်ရာဆက်ဆံမှုများ ပြုလုပ်ရန် စသည်တို့ကို တောင်းဆိုခဲ့ကြပြီး စစ်ကောင်စီမှခန့်အပ်ထားသော ကိုယ်စားလှယ်များအား အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ ဖိတ်ကြားခြင်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ ပွဲပြောရေးဆိုခွင့်ရှိသူ မမိုးဇင်က “မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဖို့၊ ပိတ်ဆို့အရေးယူဖို့၊ NUG နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ ဒီဆန္ဒပြပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်။”ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အဆိုပါပွဲသို့ ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်းနှင့် မွန်လူမျိုးဖြစ်သော တိုင်းရင်းသားကိုယ်စားလှယ်စုစုပေါင်း ၂၀၀ခန့် ပါဝင်ကြပြီး စစ်ကောင်စီ၏ တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှုကြောင့်ခံစားခဲ့ရပုံများနှင့် ခုခံ၍တော်လှန်သောစစ်အကြောင်းအရာများအား ပြောကြားကာ စစ်အာဏာရှင်စနစ်ကို တိုက်ဖြတ်ရန် စည်းလုံးစွာပူးပေါင်းဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါပွဲသို့ တက်ရောက်လာသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “အရင်ကလည်း ကျမ ကင်ဘာရာမှာလုပ်တိုင်း များသောအားဖြင့်သွားပါတယ်။ အဓိကကတော့ စစ်အာဏာရှင်ကိုမထောက်ခံဘူးဆိုတာပြချင်လို့ပါ။ နိုင်ငံရေးထဲမှာ ပါတဲ့မိသားစုတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ပြည်သူတွေဘက်မှာရပ်တည်ပါတယ်။ ဒီပွဲကို အာဏာရှင်စိုးမိုးတဲ့နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်အနေနဲ့လုပ်တာဖြစ်ပြီး၊ ခုခံတော်လှန်တဲ့စစ်အကြောင်းတွေကိုလည်း ဆန္ဒထုတ်ဖော်ပွဲမှာ ပြောပြသွားပါတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါပွဲသို့ NUG ၏ ဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးထွန်းအောင်ရွှေ၊ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Zoe Daniel MP၊ United Workers Union မှ အလုပ်သမားကိုယ်စားလှယ်များ၊ မြန်မာတိုင်းရင်းသားကိုယ်စားလှယ်များမှ တက်ရောက်အမှာ စကားပြောကြားခဲ့ပြီး ဩစတြေးလျားနိုင်ငံ ကင်ဘာရာမြို့နေမြန်မာလူမျိုးများသာမက မဲလ်ဘုန်းမြို့နှင့် ဆစ်ဒနီမြို့တို့မြန်မာလူမျိူးများအပြင် ဩစတြေးလျနိုင်ငံသားအချို့လည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။