Home သတင်း KNU ဒူးပလာယာခရိုင်ရှိ မြို့နယ် ၃ ခုအား စစ်အုပ်ချုပ်ရေးကြေညာကြောင်း စစ်ကောင်စီထုတ်ပြန်

KNU ဒူးပလာယာခရိုင်ရှိ မြို့နယ် ၃ ခုအား စစ်အုပ်ချုပ်ရေးကြေညာကြောင်း စစ်ကောင်စီထုတ်ပြန်

756

ဖေဖော်ဝါရီ ၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

တိုက်ပွဲများနေ့စဉ်လိုလို ဖြစ်ပွားနေသည့် KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေရှိ မြို့နယ် ၃ ခုအား Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်ကြေညာကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်၊ ဝင်းရေး၊ နို့တကော်မြို့နယ် အုပ်ချုပ်ရေးနယ်မြေတွင် ပါဝင်သည့် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည်နယ်ရေးမြို့နယ်တို့သည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာများကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စစ်အုပ်ချုပ်ရေး မာရှယ်လောအာဏာကျင့်သုံးရန် စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးအောင်လင်းဒွေး ၏ အမိန့်အရ ထုတ်ပြန်ထားသည်ဟု သိရသည်။

KNU ဝင်းရေးမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက “ အာဏာစသိမ်းကတည်းက စစ်အုပ်ချုပ်ရေးနဲ့ သူတို့ သွားနေတာပဲ။ နဂိုက တည်းက သူတို့ရဲ့အုပ်ချုပ်မှု တရားစီရင်မှုတွေ စည်းမျဉ်းတွေ ပြည်သူက အယုံအကြည် မရှိခဲ့တာလေ။ အာဏာရှင်ဥပဒေဆိုတော့ အားလုံးကိုဖိနှိပ်လုပ်ဆောင်နေတာပါပဲ။ မာရှယ်လောထုတ်တာတော့ ကျနော်တို့ အုပ်ချုပ်ရေး တရားစီရင်ရေးအပေါ်မှာ သက်ရောက်မှာ မဟုတ်ဘူး။ KNU မူဝါဒလမ်းစဉ်အတိုင်းပဲ တည်ရှိနေမယ်” ဟု ယနေ့ ဖေဖော်ဝါရီ ၃ ရက် ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေးနယ်အဖြစ် သတ်မှတ်ပြီး ကရင်ပြည်နယ်အနေဖြင့် ကော့ကရိတ်ခရိုင်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် ၂ ခုအား စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ မွန်ပြည်နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးအား စစ်အုပ်ချုပ်ရေးအာဏာဖြင့် ကျင့်သုံးရန် တာဝန်အပ်နှင်းထားသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်စာတွင် ပါရှိသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နွေဦးတော်လှန်ရေးလှုပ်ရှားသူ လူငယ်ခေါင်းဆောင် တစ်ဦးက “ မာရှယ်လော ထုတ်ပြန်ကတည်းက ဒီနယ်မြေတွေကို ထိန်းချုပ်လို့မရတော့တာကို ပြတာပေါ့။ သူတို့အရည်အချင်းနဲ့ မအုပ်ချုပ်နိုင်တဲ့အပေါ်မှာ သေနတ်နဲ့ဆက် အုပ်ချုပ်မယ်သဘောပါ။ စစ်အုပ်ချုပ်ရေးအပေါ်မှာ မှားယွင်းမှု ရှိတာလည်း အရေးယူလို့မရအောင် လုပ်ထားတယ်။ မာရှယ်လောကြောင့် ဖြစ်ပျက်လာမယ့်အရာတွေကို စစ်တပ်က တာဝန်ယူရလိမ့်မယ်” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် KNU ဒူးပလာယာခရိုင်တွင် စစ်ကောင်စီက ထိုးစစ်ဆင်မှုများလုပ်ဆောင်နေလျက်ရှိပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာတွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုများပါ အပြင်းအထန် အသုံးပြုတိုက်ခိုက်သည့်အတွက် ကျေးရွာများရှိ ဘာသာရေးအဆောက်အဦးနှင့် လူနေအိမ်များအား အများအပြား ထိမှန်ပျက်စီးခဲ့ပြီး ဌာနေအရပ်သားပြည်သူ ဦးရေ ၁ဝ,ဝဝဝ ကျော်လည်း နေအိမ်းစွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာကာ ယနေ့အချိန်ထိ နေရပ်ကို မပြန်နိုင်သေးကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အား သတ်မှတ်လိုက်သည့်အပေါ် ဒေသအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေလျက်ရှိသည်။ အဆိုပါ သတ်မှတ်ထားသည့် မြို့နယ် ၂ ခုသည် စစ်ဘေးရှောင်ဦးရေ အများဆုံးရှိနေလျက်ရှိပြီး ဆေးဝါးနှင့် စာနပ်ရိက္ခာအကူအညီများ လိုအပ်နေဆဲရှိသည်ဟု စစ်ရှောင်များထံမှ သိရသည်။