Home သတင်း ဖားအံတွင် ဖောက်ခွဲရေးသတင်းရသည်ဟုဆိုကာ စက်ဘီးစီးနင်းသူများအား ပိုမိုစစ်ဆေးမှုများ ပြုလုပ်နေ

ဖားအံတွင် ဖောက်ခွဲရေးသတင်းရသည်ဟုဆိုကာ စက်ဘီးစီးနင်းသူများအား ပိုမိုစစ်ဆေးမှုများ ပြုလုပ်နေ

546
Photo: CJ

ဖေဖော်ဝါရီလ ၂ရက်၊ ၂၀၂၃ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ယခုရက်ပိုင်းတွင် တော်လှန်ရေး အဖွဲ့ များ စိမ့်၀င်ရောက်ရှိကာဖောက်ခွဲမှုများ လုပ်ဆောင်မည်ဟုဆိုကာ မြို့တွင်း၊ မြို့ပြင်လမ်းမ၊ လမ်းသွယ်များပါမကျန် လုံခြုံရေးတင်းကြပ် စစ်ဆေးနေပြီး စက်ဘီးစီးနင်းသူများကို အဓိကထားရှာဖွေ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း မြို့တွင်းနေထိုင်သူများက ပြောသည်။

“အခုရက်တွေမှာ ဖောက်ခွဲရေးသမား မြို့ထဲရောက်နေတယ်။ စက်ဘီးနဲ့ လာနိုင်တယ်ဆိုပြီးစက်ဘီးစီးတဲ့ အရပ်သားတွေကို အဓိကထား စစ်ဆေးတာ ပိုလုပ်လာတယ်။ ကျမတို့ကတော့ တော်လှန်ရေးအဖွဲ့တွေ လုပ်မှာကို သိပ်မစိုးရိမ်ဘူး။ သူတို့တပ်ဘက်က သူတို့ဟာသူတို့ ဖောက်ခွဲမီးရှို့တာတွေ လုပ်မှာ ကိုကြောက်တယ်။ သူတို့က လုပ်ရင်အရပ်သားနေရာတွေထဲ လုပ်ကြတာများတယ်လေ” ဟု ဖားအံ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ဖားအံမြို့ပေါ်တွင် စစ်အာဏာသိမ်းဖြစ်စဉ် စတင်ချိန်မှစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ ထားသည့် ရုံးကုန်းအနီး၀န်းကျင်ပတ်လမ်းမကြီး၊ သီရိကွင်း၊ အမှတ် ၄ ရပ်ကွက် တရားရုံးလမ်း၊ ပညာရေး မှူးရုံးလမ်း၊ ပြည်နယ်ရဲရုံးလမ်း၊ ကန်သာယာပတ်လမ်း၊ ကြာအင်းလမ်းမှဖားအံတက္ကသိုလ် လမ်းမကြီး လမ်းပိုင်းများ အားပိတ်ဆို့ထားသည့်မှာ ၂ နှစ် အချိန်ခန့်ရှိလာနေပြီးဖြစ်သည်။

ထို့အပြင် မြို့တွင်းလမ်းဆုံ လမ်းခွနှင့် စစ်ကောင်စီဌာနဆိုင်ရာများတွင် CCtv စောင့်ကြည့်ကွန်ရက်စနစ် တပ်ဆင်ကာ လုံခြုံရေးတိုးမြှင့်စောင့်ကြည့်မှုများ၊ စစ်တပ်၀င်း၊ စစ်ကောင်စီ ရုံး၀င်းများတွင် ရေဒီယိုလှိုင်းဖြတ်စက်များ တပ်ဆင်ထားမှုကြောင့် မြို့ခံများ မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းများ ခေါ်ဆိုအသုံးပြုရာတွင် အခက်အခဲဖြစ်နေကြကြောင်း မြို့ခံများက ပြောသည်။

“ဒေသခံတွေ စိတ်ဓါတ်ပျက်ပြားပြီး အကြောက်တရားရလာအောင်၊ စိုးရိမ်ပူပန်အောင် လုပ်နေတယ်။ န၀တ၊ နအဖခေတ်ကလည်း စစ်အာဏာရှင် ဆန့်ကျင်တဲ့ အဖွဲ့တွေကို လူထုအမြင်မှားအောင် တန်ပြန်အဖွဲ့တွေဖွဲ့ သင်တန်းတွေပေးပြီး ဖောက်ခွဲဖျက်ဆီးသတ်ဖြတ်တဲ့လုပ်တဲ့လုပ်ရပ်တွေ ရှိခဲ့ကြုံခဲ့ဖူးတော့ အခုလည်း ဒီလို ပုံစံတွေ စစ်တပ်ပိုင်းက လုပ်လာတာတွေလို့ပဲ ကျနော်တော့ ထင်တယ်”ဟု ဖားအံမြို့ခံ တစ်ဦးက ပြောသည်။

ဖားအံမြို့တွင် စစ်အာဏာသိမ်းကာလ ၂နှစ်ခန့်ရှိလာချိန်တွင် ဒေသခံများ အနေဖြင့် လူမှုစီးပွားဘ၀များ ပိုမိုကြပ်တည်းလာနေသော်လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်၊ မြို့နယ်၊ ရပ်ကျေးနယ်ဌာန ဆိုင်ရာများနှင့် စစ်ကောင်စီ ထောက်ခံသည့် လုပ်ငန်းရှင်များ၊ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ဝင်များ၊ ကရင်နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ ခေါင်းဆောင်များမှာ စီးပွားရေးလုပ်ပိုင်ခွင့်များ၊ မြေယာအ သုံးချခွင့်များ၊ တရားမ၀င်ကုန်သွယ်ရေးနှင့် တရားမ၀င်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ လုပ်ငန်းထူတောင်လုပ်ကိုင်ခွင့် ပါမစ်၊ တင်ဒါ၊ လေလံချပေးမှုများ လုပ်ဆောင်ခွင့်ရရှိနေကြကြောင်း နီးစပ်သူများက ပြောသည်။

၎င်းအပြင် စစ်အာဏာသိမ်းပြီး လတ်တလော နှစ်ပိုင်း၊ လပိုင်များအတွင်း ကရင်ပြည်နယ် ဖားအံမြို့၊ မြ၀တီမြို့တို့တွင် လိုင်စင်မဲ့၊ တရားမ၀င် စားသောက်ဆိုင်လုပ်ငန်း၊ Ktv၊ အရက်ဘား၊ ကာစီနိုလောင်းကစားရုံများ ပိုမိုဖွင့်လှစ်လုပ်ကိုင်မှုအများအပြားပေါ်ထွက်လာနေကြောင်း ဖားအံမြို့ စစ်ကောင်စီ လူကြီးများ နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။