Home သတင်း ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွတံတား ပြိုကျပျက်စီးပြီးနောက် သွားလာရေးခက်ခဲ၍ ကုန်စျေးနှုန်းမြင့် တက်လာ

ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွတံတား ပြိုကျပျက်စီးပြီးနောက် သွားလာရေးခက်ခဲ၍ ကုန်စျေးနှုန်းမြင့် တက်လာ

578

ဖေဖော်ဝါရီလ ၃ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ချောင်းနှစ်ခွ၊ မုဒုံမြို့သို့ ဆက်သွယ်ထားသည့် ဒါလီတံတားကြီး ဇန်နဝါရီလ ၂၈ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဒေသခံလူထုများသွားလာရေး အတွက် အခက်အခဲဖြစ်လာပြီး ဒေသတွင်း ကုန်စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

သံပုရာရွာနှင့် ကမ်းပါးစောက်၊ ရွှေလင်းကျေးရွာကြားတွင် တည်ဆောက်ထားသည့် ဒါလီချောင်းကူး တံတားကြီးကို အမည်မသိလက်နက်ကိုင်အဖွဲ့၏ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် တံတားကျိုးကျ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သွားလာရေးအတွက် တခြားလမ်းကြောင်းကို အသုံးပြုနေရ၍ ခရီးဝေးလာသည့်အပေါ် ကားခစျေးတက်လာသလို ကုန်စည်စီးဆင်းမှု အခက်အခဲများကြောင့်လည်း ကုန်စျေးနှုန်းမြင့်တက်လာကြောင်း ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုက လမ်းက ပိုဝေးသွားပြီး သွားဖို့လာဖို့က လမ်းကြောင်းမဖြောင့်တော့ ကားခကလည်း စျေးပို တက် လာတယ်။ ကုန်စျေးနှုန်းတွေလည်း မြင့်လာတော့ လူထုတွေအတွက် အခက်အခဲဖြစ်လာတာပေါ့။ အရင်က တစ်ခါသွားဖို့ ကားခက တစ်သောင်း၊ တစ်သောင်းနှစ်ထောင် အဲ့လောက်ကနေ အခု နှစ်သောင်း ခွဲဖြစ်သွားပြီး အသွားအပြန်နဲ့ဆိုရင် ၅ သောင်းဆိုတော့ ဘယ်လို သွားလာကြမလဲ။ လူထုတွေအတွက် အခက်အခဲ ဖြစ်လာတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ကားခစျေးနှုန်းများ တိုးလာသည့်အတွက်ကြောင့်လည်း ကုန်စျေးနှုန်းများပါ လိုက်ပါ မြင့် တက်နေပြီး ယခင်ဆန်တစ်အိတ်လျှင် ၅၀,၀၀၀ ရှိပါက တံတားပျက်စီးသွားပြီးနောက်ပိုင်း ရက်ပိုင်း အတွင်း ၅ ၂,၀၀၀ စျေးတက်သွားပြီး ဒေသခံများအတွက် စားဝတ်နေရေး ခက်ခဲလာကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ ဒါလီတံတားကြီးအား မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်အပေါ် မည်သည့်အစုအဖွဲ့များက မည်သို့ရည်ရွယ်လုပ်ဆောင်နေသည်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် အတည်ပြု ချက်မရခဲ့သော်လည်း ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ စစ်ကောင်စီ၏ ရှေ့တန်းစစ် စခန်းနေရာများတွင် လိုအပ်သည့် ရိက္ခာ၊ လက်နက်၊ စစ်ကူများအား အဆိုပါ ဒါလီတံတားမှတစ်ဆင့် ဖြတ်သန်းအသုံးပြု ပို့ဆောင်ခြင်းအပေါ် ဖြတ်တောက်ရန် ယခုလို ဗုံးခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

ထိုတံတား ပျက်စီးမှုကြောင့် ဒေသခံများစားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသော်လည်း လက်ရှိ ဖော်ဆောင်နေသည့် တော်လှန်ရေးကို အမြန်ဆုံးအဆုံးသတ်နိုင်စေလိုသည့် ဆန္ဒများရှိကြကြောင်းလည်း ဒေသခံများက ဆိုသည်။

လတ်တလောတွင် အဆိုပါ ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့သော်လည်း ဒေသခံများ အနေဖြင့် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မည်ကို စိုးရိမ်နေကြရသလို လက်ရှိတွင်လည်း သွားလာရေးအတွက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကြားရှိ မဲ့သရော် လမ်းကိုသာ အသုံးပြုသွား လာနေကြရကြောင်းလည်း ကြာအင်းဆိပ်ကြီး ဒေသခံများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရှေ့တန်းတပ်စခန်းများအတွက် ရိက္ခာလက်နက် စစ်ကူများ အလွယ်တကူ ပို့ ဆောင်နိုင်ရန် ယခင်စစ်အစိုးရလက်ထက်တွင် ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး ရေလမ်းခရီးမှ ၁၉၉ဝ ခုနှစ်နောက်ပိုင်းတွင် မရိကလ၊ သံပုရာ၊ ရွှေလင်း၊ ကြာအင်းဆိပ်ကြီးသို့ ကုန်းလမ်းကြောင်း ဖောက်လုပ် ရာတွင် ယခင်ဒါလီ တံတားကြီးအား ကြံ့ခိုင်ရေးအစိုးရလက်ထက်တွင် ပြန်လည်မွမ်းမံတည် ဆောက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။