Home သတင်း KNU တပ်မဟာ(၅)တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၄ ဦး ထပ်မံသေဆုံး

KNU တပ်မဟာ(၅)တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၄ ဦး ထပ်မံသေဆုံး

658
Photo: Crd.

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်နယ်မြေ မူတြော်ခရိုင်၊ တပ်မဟာ(၅)တွင် ၂၀၂၃ ခုနှစ်အစ ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ(၃)ရက်နေ့အထိတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် သည့်အတွက် အရပ်သား (၁၄) ဦးထပ်မံသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် လေကြောင်းတိုက်မှုတွင် အရပ်သားပြည်သူထိခိုက်သေဆုံးမှုအပြင် လူနေအိမ်အဆောက်အဦး (၅၂)လုံးလည်း ထိခိုက်ပျက်စီးခဲ့ရပြီး ထိုအထဲတွင် နေအိမ်ဒါဇင်ကျော်သည် မီးလောင်ပြာကျသွားခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ လူနေအိမ်အဆောက်အဦးများမီးလောင်ပြာကျသည့်အထဲတွင် ဆေးရုံ၊ ဆေးခန်း (၄)လုံးနှင့် ဘာသာရေးအဆောက်အဦး (၄)လုံး ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ဇန်နဝါရီလအတွင်း ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေတွင် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် -KNLA တပ်မဟာ(၅) နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ကြား တိုက်ပွဲပေါင်း (၂၀၉) ကြိမ်ဖြစ်ပွားခဲ့သည်ဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: Crd.

ထိုတစ်လအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်ဘက်မှ (၄၇)ဦးသေဆုံးပြီး (၅၅)ဦးထိုက်ခိုက်ဒဏ်ရာရရှိခဲ့ရာ သေဆုံးမှုစာရင်းထဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်ခွဲမှူးတစ်ဦး ပါဝင်ကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅)ဘက်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ တစ်နှစ်လုံးတွင် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေထဲ၌ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပေါင်း (၃၅)ကြိမ်ရှိခဲ့ကာ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်း သမ်းပစ်ခတ်မှုတို့ကြောင့် အရပ်သားပြည်သူ (၄၄)ဦးသေဆုံးခဲ့ရပြီး(၉၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၅) မူတြော်ခရိုင်၏ နှစ်ချုပ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုနည်းတူ ပြီးခဲ့သည့်နှစ်တွင် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂,၇၃၇)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီနှင့်BGFတပ်ဖွဲ့ဝင် (၁,၃၀၇)ဦးသေဆုံးကာ (၉၇၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA တပ်မဟာ(၅)ဘက်မှလည်း (၅၀)ဦးကျဆုံးပြီး (၁၈၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း မူတြော်ခရိုင်၏ နှစ်ချုပ် သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။