Home သတင်း ထန်းတပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် သေဆုံး

ထန်းတပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် သေဆုံး

846
Photo: Crd.

ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ပျူစောထီးခေါင်းဆောင်အား ထန်းတပင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ဖီးနစ်အဖွဲ့က ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် နန်းထိုက် အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု Bago Region PDF က သတင်းထုတ် ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်ပွားစဉ် အဆိုပါပျူစောထီးခေါင်းဆောင်သည် စစ်ကောင်စီတပ်များတပ်စွဲထားသော ထန်းတပင်မြို့နယ်ရှိ တပြေးစခန်းဝင်းအတွင်းသို့ ထွက်ပြေးခဲ့ရာ ဖီးနစ်အဖွဲ့မှ လိုက်လံပစ်ခတ်သဖြင့် သေဆုံးခဲ့ပြီး တပြေးစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဖီးနစ်တပ်ဖွဲ့ဝင်များအထိအခိုက်အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ Bago Region PDF က ထည့်သွင်းထုတ်ပြန်ထားသည်။

ထို့အပြင် ပစ်ခတ်ခံရသောပျူစောထီးခေါင်းဆောင်မှာ စစ်ကောင်စီနှင့်ပူးပေါင်းကာ တပြေးစခန်းအနီးရှိ ပြည်သူလူထုပိုင် မြေကွက်များကို မတရားသဖြင့်သိမ်းဆည်း၍ ဦးစီးလုပ်ဆောင်နေရုံသာမက တော်လှန် ရေးအဖွဲ့အစည်းများ၏ သတင်းများအားစုံစမ်းထောက်လှမ်းပြီး စစ်ကောင်စီသို့ ပေးပို့နေမှုကြောင့် အပြစ်မဲ့ပြည်သူများ ဖမ်းဆီးခံရခြင်းများရှိခဲ့ကြောင်း Bago Region PDF ရဲ့ပြန်ကြားရေးတာဝန်ခံက ယခုလိုပြောသည်။

၎င်းက “ ခေတ်အဆက်ဆက်မှာ သူက စစ်တပ်နဲ့ပူးပေါင်းပြီး အကျိုးတူစီးပွားရေးတွေလုပ်ကိုင်ခဲ့တဲ့သူပါ။ ဒါ့အပြင် ဒေသခံတွေအပေါ် ဗိုလ်ကျစိုးမိုးမှုတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေက ကျနော်တို့ ဆီကို တိုင်ကြားချက်တွေပို့လာပါတယ်။ အဓိကက သူကပျူစောထီးခေါင်းဆောင်ဖြစ်နေတဲ့အတွက် ကျနော်တို့သွားရောက်ရှင်းလင်းခဲ့တာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းများထိုးခြင်းဖြင့် နယ်မြေစိုးမိုးမှုရရှိလာစေရန် လုပ်ဆောင်နေကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ၎င်းတို့တတ်နိုင်သလောက်ကြိုးစား၍ ခုခံစစ်အားဖြင့် တိုက်ပွဲဝင်နေကြောင်း အဆိုပါပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

အလားတူ စစ်ကောင်စီမှစစ်ကြောင်းထိုးရာတွင် လူကိုယ်တိုင်လိုက်ပါ၍ ဒေသခံပြည်သူများအပေါ် အနိုင် ကျင့်ဗိုလ်ကျမှုများလုပ်ဆောင်နေသော စစ်ကောင်စီသတင်းပေးဖြစ်သူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ မြပဲခူး ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ (၁)ရက်နေ့က ပစ်ခတ်ရှင်းလင်းခဲ့သေးကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။