Home သတင်း သံတောင်မြို့ ၁၃ မိုင်ရှိ ကေအဲန်ယူအိမ်များကို စစ်ကောင်စီ မီးရှို့

သံတောင်မြို့ ၁၃ မိုင်ရှိ ကေအဲန်ယူအိမ်များကို စစ်ကောင်စီ မီးရှို့

610
Photo: CJ

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃)မိုင်တွင် ကေအဲန်ယူ၏ သံတောင်မြို့နယ် ဥက္ကဌနေအိမ်နှင့် ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA-PC) မှ အရာရှိဟောင်းတစ်ဦး၏နေအိမ်အား စစ်ကောင်စီမှ ဖေဖော်ဝါရီလ(၄)ရက်နေ့ ညနေပိုင်းက မီးလိုက်ရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ခံရသည့် အိမ်(၃)လုံးရှိပြီး ၎င်းတို့အနက် (၂)လုံးမှာ ကေအဲန်ယူမှ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ နေအိမ် များဖြစ်ပြီး ကျန်(၁)လုံးမှာ ဒေသခံတစ်ဦး၏ စျေးဆိုင်ဖြစ်ရာ ကေအဲန်ယူနှင့် သက်ဆိုင်သည့်အိမ်များကို အဓိကထား၍ မီးလိုက်ရှို့ခြင်းဖြစ်သည်ဟု သံတောင်မြို့ရှိ ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ကျမအသိအိမ်ဘေးနားက အိမ်တစ်လုံးမီးရှို့ခံရတာ၊ အဲဒီအိမ်က ကေအဲန်ယူ ခေါင်းဆောင် တစ်ဦးရဲ့ နေအိမ်ပါ။ နောက်ထပ်မီးရှို့ခံရတဲ့အိမ်ပိုင်ရှင်က အရင်ကငြိမ်းချမ်းရေးမှာ အလုပ်လုပ်တယ်ပြီးမှ ကေအဲန်ယူနဲ့ပြန်လာပူးပေါင်းတယ်၊ သူ့အိမ်ပါ။ နောက်တစ်လုံးကတော့ ဈေးဆိုင်လို့ သိထားပါတယ်။ စစ်တပ် ကတော့ ကေအဲန်ယူကို ရန်သူလို့ခံယူထားတော့ မီးသွားရှို့တာဖြစ်မယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုကဲ့သို့ မီးရှို့မှုမဖြစ်ပွားခင် ယမန်နေ့နံနက်(၅)နာရီခန့်က သံတောင်မြို့၊ ပျားစခန်းကြားတွင် တစ်ကြိမ်၊ (၇) မိုင်တွင်တစ်ကြိမ် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ကား(၃)စီးပျက်စီးကာ စစ်ကောင်စီဘက်မှ အယောက်(၂၀)ကျော်ခန့် သေဆုံးခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် သံတောင်နှင့်ဘောဂလိလမ်းကြားရှိ ကချင်ကွေးတွင်လည်း စစ်ကောင်စီတပ်များ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု အခြားဒေသခံတစ်ဦးက ယခုလိုပြောသည်။

Photo: CJ

“မိုင်းဆွဲခံရပြီး ကားသုံးစီးပျက်တယ်။ ဒဏ်ရာတွေလည်းအများကြီးရတယ်။ လူနာတွေလာ ကြိုပြီးပြန် လာတဲ့ကားကို တွေ့ကြတဲ့သူတွေရှိတယ်။ အိမ်တွေကိုမီးလာမရှို့ခင် (၁၃) မိုင်မှာလည်း လက်နက်ကြီးနဲ့ပစ်တဲ့ အသံတွေကြားရတော့ ဒေသခံတွေက တိုက်ပွဲဖြစ်နေတယ်ထင်ပြီး ပြေးကြတာ။ နောက်တော့သူတို့ ဘာသာ သူတို့ လမ်းကြောင်းရှင်းပြီးပစ်နေကြတာ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

၁၃ မိုင်တွင် ကေအဲန်ယူ ခေါင်းဆောင်များ နေအိမ်မီးရှို့ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ကေအဲန်ယူတာဝန်ရှိသူများထံမှ အတည်ပြုချက်ရရှိရန် ကေအိုင်စီအနေဖြင့် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များက ပျားစခန်းကျေးရွာရှိ ဒေသခံများအား အစည်းအဝေးခေါ်ယူကာ ၎င်းတို့ရဲဘော်များ တစ်စုံတစ်ရာဖြစ်ပါက တစ်ရွာလုံးပစ်သတ်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများလုပ်ဆောင်ခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ သံတောင်မြို့သစ်(၁၃)မိုင်တွင် စစ်ကောင်စီမှ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် မှုကြောင့် မြို့တွင်းနေထိုင်သူဒေသခံများ မရှိသလောက်နည်းပါးနေပြီး ယခုကဲ့သို့ မီးရှို့မှုများဖြစ်ပေါ်လာ သည့်အတွက် စစ်ရှောင်ပြည်သူများမှာ ၎င်းတို့နေအိမ်များအတွက် စိုးရိမ်ပူပန်နေရကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များ၏ ပြောစကားအရသိရသည်။