Home သတင်း အဆုံးသတ်တိုက်ပွဲအထိ ပါဝင်ကြရန် အာဏာသိမ်း ၂ နှစ်ပြည့်နေ့တွင် တော်လှန်ရေးခေါင်းဆောင်များ တိုက်တွန်း

အဆုံးသတ်တိုက်ပွဲအထိ ပါဝင်ကြရန် အာဏာသိမ်း ၂ နှစ်ပြည့်နေ့တွင် တော်လှန်ရေးခေါင်းဆောင်များ တိုက်တွန်း

627

ဖေဖော်ဝါရီ ၂ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ

အသက်နှင့်ခန္ဓာကိုယ်အား တိုင်းပြည်အတွက် ပေးအပ်ထားပြီးဖြစ်သည့်အတွက် မြန်မာ့နွေဦးတော်လှန် ရေး အဆုံးသတ်တိုက်ပွဲအထိ ညီညီညွတ်ညွတ်နှင့် အတူတကွပါဝင်သွားကြရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ က KNU- ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ရှိ တောင်ညိုစစ်ကြောင်းမှ ပြုလုပ်သည့် စစ် အာဏာသိမ်း ၂ နှစ်ပြည့် လူထုလှုပ်ရှားမှုတွင် တော်လှန်ရေးခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။

တော်လှန်ရေးခရီးတွင် ဇနီး၊ သားသမီးနှင့် မိသားစုသံယောဇဉ်များ၊ အလုပ်အကိုင်အခွင့်အလမ်း စသည့်အရာများ ပေးဆပ်ထားခဲ့ပြီးဖြစ်သည့်အတွက် တိုင်းပြည်လွတ်မြောက်ရေးတွင် အဆုံးထိ ပါဝင်သွားကြရန်လိုသည်ဟု တောင်ညိုစစ်ကြောင်းမှ တပ်မှူးတစ်ဦးက ယမန်နေ့ လူထုလှုပ်ရှားမှု အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

၎င်းက “တော်လှန်ရေးမှာ အသက်ပေးသွားတဲ့ရဲဘော်တွေရှိသလို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပေးဆပ်ခဲ့ရတဲ့ ရဲဘော် တွေရှိတယ်။ သုညကနေစခဲ့ရတဲ့တော်လှန်ရေးဟာ ခုတဖြည်းဖြည်းနဲ့ ထူထောင်ရေးတွေ လုပ်ခဲ့တာ ခရီးအတော်ပေါက်နေပြီ။ လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံလိုချင်ရင် လိုချင်တာနဲ့ထိုက်တန်တဲ့ အရာတွေ လုပ်ကြဖို့လိုမယ်။ တော်လှန်ရေးအဆုံးသတ်တိုက်ပွဲအထိ ပါဝင်ကြပါ ”ဟု ပြောကြားခဲ့သည်။

ယမန်နေ့ ပြုလုပ်သည့် ၂ နှစ်ပြည့် လူထုလှုပ်ရှားမှုတွင် အသက်ပေးသွားခဲ့ကြသည့် တော်လှန်ရေး ရဲဘော်အသီးသီးအား ရည်စူး၍ ရဟန်းသံဃာတော်များ ပင့်ဖိတ်ကာ ဆွမ်းအလှူ ဒါနပြုလုပ်ပေးပြီး အန္တရာယ်ကင်းပရိတ်တရားများကိုလည်း စုပေါင်းရွတ်ဖတ်ကြသည်။ ထို့အပြင် အခြားတိုင်းရင်း သားတော်လှန်ရေးအဖွဲ့နှင့် စစ်ကြောင်းများမှ ပေးပို့လာသည့် အားပေးစကားသဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့သည်။

“ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးရွာအတော်များများ စစ်တပ်က မီးရှို့ဖျက်ဆီးသွားတယ်။ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေလည်း အတော်ပျောက်ဆုံးကုန်တယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် ကျနော်တို့ လူငယ်တွေ ရဲ့ အနာဂတ်တွေ အကုန်ဆုံးရှုံးသွားတယ်။ အဖက်ဖက်က အားလုံးယို ယွင်းပျက်စီးသွားတယ်။ တရားမျှတမှုရရှိဖို့အတွက် အဆုံးထိတော်လှန်သွားမယ်”ဟု တောင်ပိုင်းတိုင်း ပြည်သူ့ပညာရေးကွန်ရက်တွင် စာသင်ကြားပေးနေသူ ဆရာညဏ်ကြီးက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ -NLD အား စစ်တပ်က မဲမသမာမှုရှိသည်ဟု အကြောင်းပြချက်ဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုင်းပြည်အာဏာ အရပ်ရပ်အား သိမ်းယူခဲ့သည်။

ထိုအာဏာသိမ်းမှုကို မလိုလားသည့် ပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုရာတွင် အာဏာသိမ်းစစ်တပ်က လက်မခံသည့်အပြင် အကြမ်းဖက် ဖြိုခွင်းမှုကိုပါ လုပ်ဆောင်ခဲ့သည့်အတွက် အလွှာပေါင်းစုံမှ ပြည်သူများသည် ရရာလက်နက်စွဲကိုင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာခဲ့သည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်သည်။