Home သတင်း CDM များအား ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ အချက်(၄)ချက်ပါကြေညာချက် NUG ထုတ်ပြန်

CDM များအား ဂုဏ်ပြုချီးမြှင့်ခြင်းဆိုင်ရာ အချက်(၄)ချက်ပါကြေညာချက် NUG ထုတ်ပြန်

748

ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ၏ အာဏာသိမ်းမှု (၂)နှစ်ပြည့်သည့် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်း (အစိုးရဝန်ထမ်း)၊ ပုဂ္ဂလိက ဝန်ထမ်း CDM များအား တော်လှန်ရေးအလွန်ကာလများတွင် ဂုဏ်ပြုချီးမြှင့်မည့် အချက်(၄)ချက်ပါ ကြေညာချက်အား NUG အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ခဲ့သည်။

CDM များ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာအတွက် ထောက်ပံ့ကူညီပေးနိုင်ရန် စဥ်းစား၍ ယခုကဲ့သို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း NUG ၏ပြောခွင့်ရ ဦးနေဘုန်းလတ်က ယခုလိုပြောသည်။

“NUG မှာ CDM Success Committee ဖွဲ့စည်းပြီး CDM တွေ အတွက် ကူညီထောက်ပံ့နေတာ ကြာပါပြီ။ ငွေရေးကြေးရေးအပိုင်းမှာတော့ NUG ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့တဲ့ကိစ္စတွေလုပ်ခဲ့ပါတယ်။ ဥပမာ-ဆေးရုံတက်ဖို့ လိုအပ်တာလိုမျိုး ကျန်းမာရေးစောင့် ရှောက်မှုတွေ၊ ကိုယ်ဝန်ဆောင်တွေ မီးဖွားတာမျိုးလို ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုတွေ နောက်ပြီး နေဖို့ထိုင်ဖို့ အခက်အခဲရှိလို့ နေစရာရှာဖွေပေးရတာမျိုးတွေ စသဖြင့် အရေးပေါ်ကိစ္စတွေကိုတော့ အဓိက ထားပြီးကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် CDM များသည် နွေဦးတော်လှန်ရေးတွင် အဓိကကျသည့် အခန်းကတွင် ပါဝင်ခဲ့ကြသော အရေးကြီးပုဂ္ဂိုလ်များဖြစ်ပြီး NUG အနေဖြင့်လည်း CDM များအား ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများအား အမြဲမပြတ်စဥ်းစားလျက်ရှိရာ တော်လှန်ရေး၏ အခြားအရေးကြီး သောက များအတွက် ဘဏ္ဍာငွေများကို မျှဝေသုံးစွဲရာတွင် CDM ဝန်ထမ်း ရာနှုန်းပြည့်ကို ကူညီထောက်ပံ့နိုင် စွမ်းမရှိခဲ့သည်မှာ ဝန်ခံရမည်ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ဆက်ပြောသည်။

NUG ထုတ်ပြန်ကြေညာချက်တွင် ပုဂ္ဂလိက CDM ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း CDM များအား တော် လှန်ရေးကာလပြီးဆုံးသည့်နောက်ပိုင်းတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း CDM များအား ၎င်းတို့တာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးများမှ တစ်ဆင့်မြင့်ရာထူးသို့ ကြေညာချက်ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ခန့်အပ်တိုးမြှင့်သွားမည် ဖြစ်ကြောင်းပါရှိသည်။

ဆက်လက်၍ အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများအပါအဝင် နေ့စားနိုင်ငံ့ဝန်ထမ်း CDM များအား ကြေညာချက်ထုတ်ပြန်သည့်နေ့မှစ၍ အမြဲတမ်းဝန်ထမ်းများအဖြစ် အတည်ပြုခန့်အပ်လိုက်ပြီး အာဏာစတင်သိမ်းယူသည့်ကာလမှစ၍ ထုတ်ယူခြင်းမရှိခဲ့သော နိုင်ငံ့ဝန်ထမ်း CDM များ၏ လုပ်ခလ စာများနှင့်ချီးမြှင့်ငွေများကိုတော်လှန်ရေးပြီးဆုံးသည့်ကာလတွင် တစ်လုံးတစ်ခဲတည်းပေး ဆောင် သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

CDM ဝန်ထမ်းများသည် စစ်ကောင်စီ၏ ပြည်သူလူထုများအား သတ်ဖြတ်နေသည့် လုပ်ရပ်များတွင် ပူးပေါင်းပါဝင်မှုမရှိသည့်အပြင် တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြီးမားသော ထောက်တိုင်တစ်ခုအဖြစ် ပံ့ပိုးဆောင်ရွက်ပေးနေကြသူများဖြစ်သည်ကို NUG အနေဖြင့်အသိ အမှတ်ပြုထားကြောင်း၊ CDM တွင်ပါဝင်သည့် ဝန်ထမ်းများသည်သာလျှင် ပြည်သူ့ဝန်ထမ်း အစစ်အမှန်ဖြစ်ပြီး စစ်ကောင်စီအား လက်ရှိအချိန်ထိ အလုပ်ကျွေးပြုနေသော Non CDM ဝန်ထမ်းများမှာ စစ်ကောင်စီဥက္ကဌ၏ ဝန်ထမ်းများသာဖြစ်ကြောင်း ဦးနေဘုန်းလတ်က ဆက်ပြောသည်။

အလားတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) မှ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် ထုတ်ပြန်သော JCC-CDM ၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်း အခန်း(၃)တွင်လည်း CDM နိုင်ငံ့ဝန်ထမ်းများအား အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ အမှန်တရားနှင့် တရားမျှတမှု ရှာဖွေခြင်း၊ နစ်နာမှုများကို ပြန်လည်ကုစားခြင်း စသည်တို့ပါဝင်သည်။

NUG အနေဖြင့်လည်း အဆိုပါခေါင်းစဥ်(၄)ခုအား တစ်ခုချင်းစီ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ရာ NUG ၏ ထုတ်ပြန်ချက်တွင်ပါဝင်သောအချက်များသည် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်း အခန်း(၃)ပါ CDM နိုင်ငံ့ဝန်ထမ်းများအား အသိအမှတ်ပြုမှတ်တမ်းတင်ခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းတို့တွင် အကျုံးဝင်သည်ဟု ဦးနေဘုန်းလတ်က ဆိုသည်။